နေပြည်တော် ဒီဇင်ဘာ ၁၉

တက္ကသိုလ်ပါမောက္ခချုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  သက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ တစ်လပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်အောင်သင်ကြားပေးကြရန်၊ သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ရိုးကုန် အပြည့်အစုံသင်ကြားပေးရန်နှင့် ကျွမ်းကျင် ပိုင်နိုင်စွာ သင်ကြားပေးနိုင်ရေးအတွက် ဆရာ ဆရာမများအနေဖြင့် မိမိဘာသာရပ်ကို အမြဲမပြတ် လေ့လာနေကြရန် မှာကြားလိုပါကြောင်း၊ ဌာနမှကျွမ်းကျင်သူ ဝါရင့်ဆရာကြီး၊ ဆရာမကြီး များကလည်း မွမ်းမံလေ့ကျင့်ပေးကြရန် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ Module အလိုက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေး၍ ဆရာဆရာမများ သင်ကြားမှုအ‌ရည်အသွေး ကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  

အင်္ဂလိပ်စာကို Minor ဘာသာရပ်အဖြစ် တတိယနှစ်အထိ သင်ကြားကြရမည်ဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများအနေဖြင့် စာသင်ခန်းများအထိ လှည့်လည် ကွင်းဆင်းစစ်ဆေး၍ သင်ကြားသင်ယူမှု အရည်အသွေး တိုးတက်အောင် ‌ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတက္ကသိုလ်အလိုက် ဆောင်ရွက်မည့်မောင်မယ်သစ်လွင် ကြိုဆိုပွဲများကို မြန်မာယဉ်ကျေးမှုနှင့်အညီကျင်းပ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျောင်း ဥပဓိရုပ်ကောင်းမွန်စေရေး အလေးထား‌ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်မှုများ ဆောင်ရွက်ထားကြရန်နှင့် မီးသတ်ဆေးဘူးများ ချိတ်ဆွဲဆောင်ရွက်ထားကြရန် မှာကြားလိုပါကြောင်း၊ ကျောင်းတက်သည့် ကျောင်းသားစာရင်းများကို နေ့စဉ်စနစ်တကျ ကောက်ယူကာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်မီအောင် စည်းရုံးကြီးကြပ် ဆောင်ရွက်ကြစေလိုပါကြောင်း၊  ပညာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များ၊ မိမိတို့ ဦးစီးဌာနများ၏ ညွှန်ကြားချက်များကို လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရုံးစာများ၊ ညွှန်ကြားချက်များကို ဆိုရှယ်မီဒီယာ အွန်လိုင်းပေါ်တင်ခြင်းများ၊ ပေးပို့ခြင်းများကို နိုင်ငံဝန်ထမ်းများ မပြုလုပ်ကြစေရေးအတွက် ပညာပေးကြီးကြပ်ရန် အလေးအနက် မှာကြားလိုပါကြောင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ကျောင်းတက်နှုန်းမြင့်မားရေးနှင့် ဆရာ ဆရာမ မွမ်းမံသင်တန်းများ ပို့ချမည့်အစီအစဉ်ကို ရှင်းလင်းပြီး၊ အမိန့်ညွှန်ကြားချက်များကို လိုက်နာခြင်းသည် နိုင်ငံဝန်ထမ်းတိုင်း လိုက်နာရမည့်တာဝန်ဖြစ်ရုံသာမက မိမိ၏ကိုယ်ကျင့် သိက္ခာကို စောင့်ထိန်းခြင်းဖြစ်သဖြင့် အသိကိုသတိဖြင့် ထိန်းသိမ်းကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်