ဆိုးလ် ၁၆ အောက်တိုဘာ
အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ နယ်ပယ်စုံမှ ကိုယ်စားလှယ်များ ပါဝင်သည့် ASEAN-Korea Train ခရီးစဉ် စတင်သည့် ဖွင့်ပွဲအခမ်းအနားကို ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဆိုးလ်ဘူတာရုံ၌ ကျင်းပသည်။
ASEAN-Korea Train ခရီးစဉ်ဖွင့်ပွဲအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ အသေးစား အလတ်စားနှင့် ပြည်သူ့ပျိုးထောင်မှု ဝန်ကြီးဌာနဝန်ကြီး Mrs. Park Young Sun ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကိုရီးယားသမ္မတနိုင်ငံ New Southern Policy Committee ဥက္ကဋ္ဌ Mr. Joo Hyung Chul ၊ ASEAN-Korea Centre မှ အထွေထွေအတွင်းရေးမှူးချုပ် Mr. Lee Hyuk ၊ ASEAN-Korea Mission မှ သံအမတ်ကြီး Mr. Lim Sungnam ၊ ASEAN-ROK Commemorative Summit Preparatory Office မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Suh Jeong In ၊ Yeongdong County မြို့တော်ဝန် Mr. Park Se Bok နှင့် တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးများနှင့် သံအမတ်ကြီးများ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသန့်စင်၊ ASEAN-China Centre မှ အထွေထွေအတွင်းရေးမှူး Mr. Chen Dehai ၊ ASEAN-Japan Centre မှ အထွေထွေအတွင်းရေးမှူး Mr. Masataka Fujita ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး Mr. Tran Phuong နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ အသေးစားအလတ်စားနှင့် ပြည်သူ့ပျိုးထောင်မှုဝန်ကြီးဌာနဝန်ကြီး Mrs. Park Young Sun နှင့် ကိုရီးယားသမ္မတနိုင်ငံ New Southern Policy Committee ဥက္ကဋ္ဌ Mr. Joo Hyung Chul တို့က ခရီးစဉ်အကြောင်း၊ ရည်ရွယ်ချက်နှင့် ခရီးစဉ်မှ ရရှိလာမည့် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်များကို ပြောကြားကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြားရာတွင် 30th Anniversary of ASEAN -Korea Dialogue Relations နှင့် 2019 ASEAN- ROK Commenorative Summit ကဲ့သို့ ထင်ရှားလှသော အခမ်းအနားကြီးကို တက်ရောက်ခွင့်ရအောင် ဖိတ်ကြားသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်မှစတင်ပြီး အရေးကြီးသည့် မိတ်ဖက်နိုင်ငံများအဖြစ် တစ်နိုင်ငံနှင့် တစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်လာခဲ့သကဲ့သို့ တစ်နှစ်ထက်တစ်နှစ်လည်း ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်ခဲ့ပါကြောင်း၊ အခြားသောကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခဲ့ခြင်းသည် အာဆီယံနှင့် ကိုရီးယားဒေသကြီးနှစ်ခု၏ ထူးခြားလှသည့် အောင်မြင်မှုပင် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ တည်ရှိပြီးဖြစ်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် သမ္မတ မွန်ဂျေအင်းလက်ထက်၌ စတင်သော လူထု၊ ကြွယ်ဝချမ်းသာမှု၊ ငြိမ်းချမ်းရေး ဆိုသည့် မဏ္ဍိုင်သုံးရပ်ကို အခြေခံပြီး နယ်ပယ်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဆောင်ရွက်နိုင်ရေးဆိုသော တောင်ပိုင်းဆိုင်ရာမူဝါဒသစ် (Southern Policy) ကြောင့်လည်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
အခြားတစ်ဖက်မှ ပြောရမည်ဆိုလျှင်လည်း ယခုလို စီစဉ်ပေးသည့် မီးရထားခရီးစဉ်သည် မိမိတို့၏ နက်နဲခိုင်မြဲသည့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ၊ မိတ်ဖက် ဆက်ဆံရေးများ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှု၊ ပြည်သူများအချင်းချင်း ယဉ်ကျေးမှုနှင့် အသိအမြင်ဖလှယ်ရေးများ အတွက်သာမက လာမည့်အနာဂတ်တွင် ပိုမိုငြိမ်းချမ်းသာယာပြီး ကြွယ်ဝချမ်းသာသည့် ဘုံဦးတည်ချက် ပန်းတိုင်ဆီသို့ လျှောက်လှမ်းနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း။
ယခုဆိုလျှင် ပြည်သူလူထု၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပညာရပ်ဆိုင်ရာ၊ အနုပညာ၊ မီဒီယာကဏ္ဍနှင့် လူငယ်များအားလုံးကို ကိုယ်စားပြုသည့် မိမိတို့သည် ရထားပေါ်သို့ တက်ရောက်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်ပါကြောင်း၊ ယင်းသည် အာဆီယံနှင့် ကိုရီးယားဒေသကြီးနှစ်ခုအတွက် ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှုများ ကို တိုးမြှင့်နိုင်ရန်အတွက် အားလုံးပါဝင်မှု၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ တန်းတူညီမျှမှုများ၏ အရေးပါပုံကို အထင်အရှားပြသနေခြင်းပင် ဖြစ်ပါကြောင်း။
ကိုရီးယားသမ္မတနိုင်ငံ၏ သာယာလှပသည့်မြို့ပြများ ပါဝင်သော အဓိပ္ပါယ် ပြည့်ဝလှသည့် အစီအစဉ်များကြောင့် မိမိတို့အားလုံးသည် ယခု ဒီခရီးကို စတင်ရန် စိတ်လှုပ်ရှားနေကြမည်ဟု ယုံကြည်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ASEAN - Korea Centre နှင့် ဤအစီအစဉ် ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါသည်ဟု ထပ်လောင်း ပြောကြားလိုပါကြောင်း ပြောကြားသည်။
ASEAN-Korea Train အစီအစဉ်သည် နှစ်(၃၀)ပြည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-ကိုရီးယား ဗဟိုဌာနတို့မှ ပူးပေါင်းပြုလုပ်သည့် ခရီးစဉ်ဖြစ်ပြီး အာဆီယံ-ကိုရီးယားမိတ်ဖက်ဆက်ဆံရေးကို ဒေသတွင်းရှိ ပြည်သူများ သိရှိလာစေရန်၊ ASEAN-ROK Commemorative Summit အောင်မြင်စွာ ကျင်းပနိုင်စေရန်နှင့် 30th Anniversary of ASEAN_ROK Dialogue Relations ကျင်းပနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
ASEAN-Korea Train အစီအစဉ်တွင် အာဆီယံ-ကိုရီးယားရှိ ပြည်သူများအချင်းချင်း ယဉ်ကျေးမှု၊ စီးပွားရေး အပြန်အလှန် ချိတ်ဆက်မှုကို အခြေခံပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာလာစေရန် မျှော်မှန်း၍ ယခုခရီးစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
ASEAN-Korea Train အစီအစဉ်တွင် အာဆီယံနိုင်ငံများ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အစိုးရအကြီးအကဲများ၊ အနုပညာရှင်များနှင့် လူငယ်ပြည်သူစုစုပေါင်း ၂၀ဝ ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ASEAN-Korea Train ခရီးစဉ်မှာ Seoul, Gyeongju, Busan, Sancheon မြို့တို့သို့ မီးရထားဖြင့် လှည့်လည်သွားလာမည်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံ၏ အထင်ကရနေရာများ၊ အနုပညာဆိုင်ရာပြတိုက်များနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာနေရာများသို့ သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်


