ရန်ကုန် ၃ ဖေဖော်ဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနရှိ စာပေဗိမာန်မှ စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စာတည်းအဖွဲ့ဝင်များ အရည်အသွေးမြှင့် သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ရေး၊ စာတည်းအဖွဲ့ဝင်များ သိသင့်သိထိုက်သည်များ သိရှိနိုင်ရန်အတွက် စာအုပ်ကောင်းများ ရွေးချယ်ဝယ်ယူပြီး လှည့်လည်ဖတ်ရှုသည့်ပုံစံဖြင့် လုပ်ငန်းခွင်လေ့ကျင့်ရေး၊ အင်္ဂလိပ်စာကို ထိရောက်အောင် ပိုမိုအားထုတ်လေ့လာပြီး နိုင်ငံတကာ စာပေများ တိုးတက်ဖတ်ရှုနိုင်အောင် ကြိုးစားလုပ်ဆောင်ရေး၊ သတင်းမီဒီယာအကြောင်း သိနားလည်ခြင်း(MIL)၊ သတင်းအချက်အလက် စစ်ဆေးခြင်း(Fact Check) စသည်တို့ကို သိရှိနားလည်ပြီး လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ရေး၊ လုပ်ငန်းများ ကြန့်ကြာမှုမရှိစေဘဲ အရည်အသွေး ပြည့်ဝသည့် စာအုပ်ကောင်းများ ထုတ်ဝေနိုင်ရေး အလုပ်တာဝန်များ တိုးချဲ့လုပ်ကိုင်ရခြင်းအပေါ် လုပ်ဆောင်ခွင့်ရခြင်းဟု ကောင်းမွန်သည့်ခံယူချက်ဖြင့် လုပ်ဆောင်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် စာပေဗိမာန်မှ စာတည်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ (၂၇)ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် စာပေဗိမာန်သို့ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေ၊ စာပေဗိမာန်မှ ဆောင်ရွက်လျက်ရှိသော မြန်မာ့စွယ်စုံကျမ်း ပြန်လည်ထုတ်ဝေရေး၊ မြန်မာဂန္တဝင်အတွဲ ၁၀ဝ စာစဉ် ဆက်လက်ထုတ်ဝေရေး၊ ရွှေသွေးဂျာနယ်ထုတ်ဝေရေး၊ စာအုပ်အသင်းဝင် တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်၍ စီမံဆောင်ရွက်ပေးသည်။
စာပေဗိမာန်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက်နှင့် အညီ ၁၉၄၇ ခုနှစ်၊ ဩဂုတ် ၂၆ ရက်မှစတင်၍ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” (Light, where Darkness was) ဆောင်ပုဒ်ဖြင့် ပြည်သူလူထု အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရည်ရွယ်ချက်ဖြင့် စာပေထုတ်ဝေရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိ စာပေဗိမာန်(၄)ထပ် အဆောက်အဦကို အမှတ်(၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိပြီး စာအုပ်အရောင်းဆိုင် အပါအဝင် ရည်ညွှန်းစာကြည့်တိုက်၊ e-Library၊ ကလေးစာကြည့်တိုက်တို့ဖြင့် ဖွဲ့စည်းကာ ပြည်သူ့စာကြည့်တိုက်အဖြစ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်