“စာတတ်သူတိုင်း စာဖတ်ရေး”လှုပ်ရှားမှု အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့ညနေ ၄ နာရီတွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ပြသမည့် ရွေ့လျားစာကြည့်တိုက် ယာဉ်များနှင့် အဆိုပါယာဉ်ပေါ်တွင် စာအုပ်များထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ခင်းကျင်းပြသမည့် ပြခန်းများပြင်ဆင်ထားရှိမှု၊ ဖွင့်ပွဲအခမ်းအနား ကျင်းပရန် ပြင်ဆင်ထားရှိမှု၊ စာအုပ်များ ပြင်ဆင်ထားရှိမှု၊ တွေ့ဆုံဆွေးနွေးခန်းများ ပြင်ဆင်ထားရှိမှု၊ နေ့လယ်စာတည်ခင်းရန် ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
 
“စာတတ်သူတိုင်းစာဖတ်ရေး အားလုံးပါဝင်ကူညီပေး” ခေါင်းစဉ်ဖြင့် နှစ်ရက်တာ ကျင်းပသွားမည့် စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမို တိုးတက်လာစေရေးအတွက် အားပေးလှုံ့ဆော်သည့်အနေဖြင့် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
 
စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုအခမ်းအနားတွင် ဆွေးနွေးပွဲများနှင့် စာတမ်းဖတ်ကြားခြင်းများကို ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။