မကွေး ၁၃ ဒီဇင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ညနေပိုင်းက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပရန် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပွဲတော်တွင် ပါဝင်ပြသမည့် ပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များ ကြိုတင် ပြင်ဆင်ခင်းကျင်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြခန်းများအလိုက် ရှင်းလင်းတင်ပြသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး)ကို မကွေးတက္ကသိုလ်အတွင်း ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ သုတရသနှင့် အသိပညာပေးဆိုင်ရာ ပြခန်းပေါင်း ၁၀ဝ ကျော် ခင်းကျင်းပြသကာ စာပေဆိုင်ရာ လှုပ်ရှားမှုများ၊ အားကစားဆိုင်ရာလှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ အိုင်တီနည်းပညာဆိုင်ရာ လှုပ်ရှားမှုများအပြင် စာအုပ်အရောင်းဆိုင်ပေါင်း ၆၀ ဖွင့်လှစ်၍ နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နံနက်ပိုင်းကလည်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး) ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်နေမှုများကို မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ပြုလုပ်မည့် ဖွင့်ပွဲအခမ်းအနားအတွက် ဖဲကြိုးဖြတ်ရန် အစမ်းလေ့ကျင့်နေမှုများ၊ ဘွဲ့နှင်းသဘင်ခန်းမ အတွင်း ကျင်းပပြုလုပ်မည့် ဖျော်ဖြေရေးအစီစဉ်များ၊ ထူးချွန်လူငယ်မောင်မယ်များအား ဆုချီးမြှင့်ရန် ဇာတ်တိုက်လေ့ကျင့်နေမှုများနှင့် ပွဲတော်အတွင်းပြသမည့်ပြခန်းများ ခင်းကျင်း ပြသထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သတင်း မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဝေလျှံ ဓါတ်ပုံ ဟိန်းမင်းစိုး