ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာ့အလင်း ၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာတိုက်တို့မှ စာတည်းအဖွဲ့ဝင်များနှင့်  တွေ့ဆုံ

ရန်ကုန် ၂ သြဂုတ် 
         

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာတိုက် တို့ကို ကြည့်ရှုစစ်ဆေးပြီး စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။
         

ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ နာရီတွင် ဗဟန်းမြို့နယ် နတ်မောက် လမ်းသွယ် (၁) လမ်းရှိ မြန်မာ့အလင်းသတင်းစာတိုက်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက ရန်ကုန်၊ နေပြည်တော်ရှိ ဝန်ထမ်းအင်အားအခြေအနေ၊ လက်ရှိသတင်းစာစောင်ရေနှင့် သတင်းစာများတွင် ကဏ္ဍစုံလင်စွာ ပါရှိရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သတင်းစာ အရည်အသွေးတိုးတက်ကောင်းမွန်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာတည်းခန်းနှင့် ပုံနှိပ်စက်ခန်းတို့ကိုလည်း ကောင်း၊ ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ လေးထပ်တိုက်အဆောက်အအုံ တည်ဆောက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်းစာတိုက်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌   စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငါးထပ်ကြီးဘုရားလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဖိုတိုလစ်သိုပုံနှိပ်စက်ရုံသို့  ရောက်ရှိပြီး ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်နေမှု၊ စက္ကူသိုလှောင်ရုံ၊ ပုံနှိပ်စက်ခန်းနှင့် စာအုပ်ချုပ်ခန်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

 

1


ညနေပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည် ပုဇွန်တောင်မြို့နယ်ရှိ ကြေးမုံသတင်းစာတိုက်၌ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး  စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။


သတင်းစာတိုက်များမှ စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သတင်းစာများတွင် စာဖတ်ပရိသတ်များ စိတ်ဝင်စားသည့်၊ စာဖတ်ပရိသတ်များ နှစ်သက်သည့် အကြောင်းအရာများ ပိုမိုဖော်ပြနိုင်ရေး၊ Content ပိုင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရေး၊ အရည်အသွေးရှိသည့် ကာတွန်း၊ ဆောင်းပါး၊ သတင်းများ ပိုမိုဖော်ပြနိုင်ရေး၊ စီမံခန့်ခွဲမှုများ စနစ်တကျ ရှိစေရေးနှင့် စာမူခထုတ်ပေးမှု၊ စာမူများ စုဆောင်းမှု၊ စာမူရှင်များနှင့် ဆက်သွယ်မှု၊  ဆက်ဆံမှု ကောင်းမွန်အဆင်ပြေရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့သည်။ 


သတင်းစဉ်

 

1