ရန်ကုန် ၁၉ အောက်တိုဘာ
နှစ်(၃၀)ပြည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-ကိုရီးယားဗဟိုဌာနတို့မှ ပူးပေါင်းပြုလုပ်သော ASEAN-Korea Train အစီအစဉ်သို့ တက်ရောက်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် အဖွဲ့ သည် ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆန်ဟွာနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသော ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ် ချောချောစိန်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် မျိုးထွဋ်နိုင် (ခ) ခါရာ၊ ဧရာဝတီတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီဝင် ဦးမျိုးသူရကိုကိုနှင့် မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီဝင် သန့်လွင်ဦး (ခ) စူးရှရှင်းသန့် တို့ လည်း ပြန်လည် လိုက်ပါလာကြသည်။
(သတင်းစဉ် )


