မန္တလေး ၉ နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိပြီး လူထုအခြေပြုဗဟိုဌာန၊ ခန်းမဆောင် ဆောက်လုပ်မှုကို  ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည်  လူထုအခြေပြုဗဟိုဌာနရှိ အများပြည်သူ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီးနေပြီဖြစ်သော ခန်းမဆောင်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအား တွေ့ဆုံနှုတ်ဆက်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) များ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားသည်။ 

 

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်ဝန်းရှိ ခရိုင်နှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး/စာကြည့်တိုက်များကို လူထုအခြေပြုဗဟိုဌာနများအဖြစ် နိုင်ငံတော် ဘဏ္ဍာငွေဖြင့်လည်းကောင်း၊ အကျိုးတူ ပူးပေါင်းလုပ်ဆောင်မှုဖြင့် လည်းကောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုနှင့် ပူးပေါင်းပါဝင်မှုများဖြင့် လည်းကောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနများ ပီပြင်စွာ ဖြစ်ပေါ်လာစေရန်အတွက် ယခုကဲ့သို့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့်အတူ ပြည်သူ့အတွက် အကျိုးရှိသည့် အများ ပြည်သူပိုင်နေရာများဖြစ်လာစေရေး ထိရောက်စွာ အသုံးပြုကြစေလိုပါကြောင်း ရှင်းလင်းပြောကြား သည်။ 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူထုအခြေပြုဗဟိုဌာနရှိ စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းနှင့် ပြတိုက်ငယ်တို့အပြင် ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်ရန်  တပ်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုပြီး စာဆိုတော်နေ့အထိမ်းအမှတ် စကားရည်လုပြိုင်ပွဲများ ကျင်းပရေး၊ လူငယ်များ နှုတ်မှုရေးရာ တိုးတက်မှု ရှိစေရန်အတွက် ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရေး၊ ရုံးဝန်းအတွင်းရှိ ရေဝပ်နေရာများတွင် မြေဖို့ပြုပြင် တိုင်းတာပြီး ပြင်ပကလေးကစားကွင်း၊ ပိုက်ကျော်ခြင်းနှင့် ဘောလီဘောကွင်းများ ဖောက်လုပ်ပေးနိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။  

 

ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်းအတွင်းရှိ မြေလွတ်နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့နှင့် အလှူရှင်ပြည်သူများ ပူးပေါင်းလှူဒါန်းမှုဖြင့် ငွေကျပ် ၂၂၇ သိန်းခန့် တန်ဖိုးရှိ အရွယ်အစား  ၂၂x၆၀ ပေရှိ သွပ်မိုး၊ အုပ်ကာခန်းမဆောင်တစ်ခုအား ဆောက်လုပ်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။

 

MDN

 

 DSCN