ရန်ကုန် ၃ သြဂုတ်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၀ နာရီတွင် အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ စာပေဗိမာန်ပုံနှိပ်စက်ရုံကို လည်းကောင်း၊ အောင်ဆန်းပုံနှိပ်စက်ရုံကို လည်းကောင်း၊ ဂျီတီစီ ပုံနှိပ်စက်ရုံကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသုံးပုံနှိပ်စာအုပ်များ ရိုက်နှိပ်နေမှု၊ သိုလှောင်ရုံများနှင့် ပုံနှိပ်လုပ်ငန်း သင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဂျီတီစီ ပုံနှိပ်စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကျောင်းသုံးစာအုပ်ရိုက်နှိပ်မှု အချိန်မီပြီးစီးရေး၊ ပုံနှိပ်အရည်အသွေးကောင်းမွန်ရေး၊ လုပ်ငန်းခွင်လုံခြုံရေးနှင့် ဝန်ထမ်းကျင့်ဝတ်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ ပုံနှိပ်စက်များ ကြံ့ခိုင်မှုကောင်းမွန်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့သည်။
သတင်းစဉ်


