နေပြည်တော် ၁၃ နိုဝင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီမှ ကော်မတီဝင်များသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးသည်။

 

‌pm1

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဉက္ကဋ္ဌ ဉီးသောင်းစုငြိမ်း၊ ဒုတိယဉက္ကဋ္ဌများ ဖြစ်ကြသော ဉီးကိုကို (ကိုကို - စက်မှုတက္ကသိုလ်) နှင့် ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဉီးမင်းဆွေလှိုင်နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒစ်ဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီဝင်များကို ချီးကျူးပြောကြားလိုပါကြောင်း၊ အသင်းဖြစ်မြောက်ရန်အတွက် အသင်းဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ရာ ဖွဲ့စည်းပြီးနောက်တွင် အသင်းဖြစ်မြောက်ရေးအတွက် အစည်းအဝေးများ ဆက်တိုက်ကျင်းပ လုပ်ဆောင်ခဲ့ပါကြောင်း၊ အသင်းကို ဖွဲ့စည်းရန် စတင်ရည်ရွယ် ဆောင်ရွက်စဉ်ကတည်းက မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်းများ စနစ်တကျ၊ ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပါကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်း လုပ်ကိုင်နေကြသူများ စုပေါင်း၍ မိမိတို့အကျိုးစီးပွားကို ဆောင်ရွက်ရင်း၊ တစ်ချိန်တည်းတွင် လုပ်ငန်းလုပ်ကိုင်သူများ အသိပညာများ တိုးပွားကာ လုပ်ငန်းများ တိုးတက်ရေးအတွက် အသိပညာများ မျှဝေရေး၊ တစ်ချိန်တည်းတွင် လုပ်ငန်းတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီအနေဖြင့် ထိုကဲ့သို့ လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့်အပြင် အသင်းဖွဲ့စည်းရေးအတွက်လည်း ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း။

ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီအနေဖြင့် သင်းဖွဲ့စည်းမျဉ်းရေးဆွဲခြင်း၊ အသင်းသားများစည်းရုံးဖိတ်ခေါ်ခြင်း၊ အသင်း၏လုပ်ငန်းများတွင် မည်သည့်လုပ်ငန်းများ အကျုံးဝင်သည် စသည်ဖြင့် တက်တက်ကြွကြွ ဆောင်ရွက်နေကြခြင်းတို့အတွက် ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီကို ကျေးဇူးတင်ရှိပါကြောင်း၊ အသင်းအဖွဲ့များသည် လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိပါကြောင်း၊ စိတ်တူကိုယ်ကူ၊ လုပ်ငန်းရပ်တူသူများ စုပေါင်းဆောင်ရွက်၍ ရပါကြောင်း။

ဒစ်ဂျစ်တယ်မီဒီယာသည် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာသည့် အချိန်တွင် မိမိတို့အနေဖြင့် တတ်အားသမျှ အားပေးကူညီရမည် ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်းသည် မီဒီယာဖြစ်သလို တစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်းဖြစ်ပါကြောင်း၊ မီဒီယာအလုပ်သည် မိမိတို့ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်ပြီး စီးပွားရေးလုပ်ငန်းသည် မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော်လည်း သက်ဆိုင်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မီဒီယာနှင့် ပတ်သက်သည့် လုပ်ငန်းများသည် ကမ္ဘာတွင် ကြီးကျယ်သည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် အသင်းတွင် ပါဝင်သူများ အကျိုးရှိမည်၊ နိုင်ငံအကျိုးရှိမည်ဟု ထင်မြင်ပါကြောင်း၊ ထို့အတွက် အသင်းဖြစ်မြောက်ရေး အစီအစဉ်တွင် တကယ်လက်တွေ့ ပါဝင်ကူညီနိုင်မည့် အရာများကို အစွမ်းကုန် ပါဝင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဉက္ကဋ္ဌ ဉီးသောင်းစုငြိမ်းက   ဖြစ်မြောက်ရေးကော်မတီကို စတင်ဖွဲ့စည်းချိန်မှ ယခုအချိန်အထိ ပုံမှန်အစည်းအဝေးများ ဆောင်ရွက်ခဲ့မှု၊ အွန်လိုင်းဆွေးနွေးပွဲများကို နှစ်ကြိမ်ကျင်းပခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့မှု၊ ဆက်လက်ဆောင်ရွက်သွားမည့် အွန်လိုင်းဆွေးနွေးပွဲများနှင့် ဒစ်ဂျစ်တယ်မီဒီယာအသင်း ပေါ်ပေါက်လာပါက လူငယ်များ ပြုစုပျိုးထောင်ပေးနိုင်မည့် သင်တန်းများ၊ နည်းပညာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းအစီအမံများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ မြန်မာဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းကြီးမှ ပံ့ပိုးကူညီပေးနိုင်မည့် အစီအစဉ်များနှင့် ယင်းတို့အတွက် အသင်းရုံးခန်းတစ်ခန်း လိုအပ်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မတီ ဒုတိယဉက္ကဋ္ဌ ဉီးကိုကို (ကိုကို - စက်မှုတက္ကသိုလ်) က သင်းဖွဲ့မှတ်တမ်းမူကြမ်း ပြုစုပြီးဖြစ်ကြောင်း၊ သင်းဖွဲ့စည်းမျဉ်းအား အခန်း (၁၁) ခန်းကို အခြေခံ၍ ရေးဆွဲနေခြင်း၊  ဒစ်ဂျစ်တယ်မီဒီယာ၏ အနက်ဖွင့်ဆိုချက်နှင့် ယင်းနှင့် ဆက်စပ်ပြီး အသင်းသားများ၏ အရည်အချင်းများ၊ အသင်းဖွဲ့စည်းပုံ၊ ဆက်လက်ရေးဆွဲရန် ကျန်ရှိနေသည်များကို ယခုလကုန်နှင့် ဒီဇင်ဘာလဆန်းအပြီး ရေးဆွဲမည့်အခြေအနေများကို  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကော်မတီ ဒုတိယဉက္ကဋ္ဌ ဒေါ်နန်းကလျာဝင်းက မြန်မာနိုင်ငံ ဒစ်ဂျစ်တယ် မီဒီယာအသင်း ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် မကြာမီ အသင်းသားများ စတင်စည်းရုံးမည့် အခြေအနေ၊ အသင်းရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပြီး ဆောင်ရွက်မည့်ကိစ္စများ၊ ဒီဇင်ဘာ ၂၅ ရက် မတိုင်မီ သို့မဟုတ် ဇန်နဝါရီလဆန်းတွင် အသင်းကြီး ပေါ်ပေါက်လာရေးအတွက် အသင်းရွေးကောက်ပွဲကို အခြေအနေအရ ပုံမှန် သို့မဟုတ် အွန်လိုင်းဖြင့် ကျင်းပသွားနိုင်ရေးအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ဉီးမင်းဆွေလှိုင်က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းကြီးပေါ်ပေါက်လာပါက ဆောင်ရွက်သွားနိုင်သည့်ကိစ္စများ၊ ထိုလုပ်ငန်းများဆောင်ရွက်ရန် သင့်တော်သည့် ရုံးခန်းတစ်ခု ပြင်ဆင်ခင်းကျင်းဆောင်ရွက်နိုင်ရန် အခြေအနေများကို ရှင်းလင်းတင်ပြသွားသည်။

ဆက်လက်ပြီး ဉီးသောင်းစုငြိမ်းနှင့် ဉီးကိုကိုတို့က လိုအပ်သည်များကို ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းက ဆွေးနွေးပြောကြားရာတွင် ဒီမိုကရေစီ လူ့ဘောင်တစ်ခုတွင် မီဒီယာ၏ တာဝန်သည် ပြီးဆုံးသွားပြီဟူ၍ မရှိပါကြောင်း၊ ဆက်လက်ကြိုးပမ်း ဆောင်ရွက်စရာများ ရှိပါကြောင်း၊ ဒစ်ဂျစ်တယ်မီဒီယာအသင်း ပေါ်ပေါက်ရေးသည် ရှောင်လွှဲမရသည့် တာဝန်တစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာအနှံ့တွင် ဒစ်ဂျစ်တယ်ကူးပြောင်းမှု အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေချိန်တွင် မိမိတို့နိုင်ငံတွင် ဒစ်ဂျစ်တယ်မီဒီယာအသင်း ပေါ်ထွန်းလာရေးသည်၊ ဒစ်ဂျစ်တယ်ခေတ်တွင် အမီလိုက်နိုင်ရန်သည် အင်မတန်အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ နောက်ကျသည်ဟု မဆိုနိုင်သေးပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်