ရန်ကုန် ၃ သြဂုတ်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များအား ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကာတွန်းပညာပြန့်ပွားရေးအတွက် စာတမ်းဖတ်ပွဲများ ပြုလုပ်လိုပါက ခန်းမအခမဲ့အသုံးပြုနိုင်မှု၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် သတင်းစာ၊ စာစောင်များတွင် ကာတွန်းများ ပါဝင်ရေးသားနိုင်မှု၊ ကြေးမုံသတင်းစာတွင် ဆရာဦးအောင်ရှိန် ရေးခဲ့သည့်ကြေးမုံခင်ကဲ့သို့၊ ဆရာ ဦးငွေကြည်ရေးသားသည့် လောကကြီးမှာဗျာကဲ့သို့ ကာတွန်းများ ဖော်ပြလိုမှု စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွင် သတင်းကာတွန်းများ ဖော်ပြနိုင်ရေး၊ စာမူခ ထုတ်ယူမှုအခြေအနေ၊ ကလေးစာပေပွဲတော်များတွင် ကာတွန်းကဏ္ဍပါဝင်ရေး၊ လူငယ်စာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားကာတွန်းပညာရှင်များ ဖိတ်ကြားရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ငြိမ်းချမ်းရေး ကာတွန်းပြပွဲများ ပြသနိုင်ရေး၊ ရွှေသွေးဂျာနယ်တွင် ကာတွန်းပညာရှင်များ ပါဝင်ရေးဆွဲရေးတို့နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းကို ၂၀၁၆ ခုနှစ် မတ်လမှ စတင်တည်ထောင်ခဲ့ပြီး အသင်းရုံးကို ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အမှတ် (၁၇၃/၁၇၅) အခန်း အမှတ် (၆၀၁)တွင် ဖွင့်လှစ်ထားရှိကာ အသင်းဝင် ကာတွန်းဆရာ ၃၀ဝ နီးပါးရှိကြောင်း သိရသည်။
သတင်းစဉ်


