နန်နင်း ၂၁ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့သည် ယနေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့ရှိ အမျိုးသားပြတိုက်၊ စီမံကိန်းပြတိုက်၊ သတင်းစာတိုက်နှင့် ရုပ်မြင်သံကြားဌာနတို့သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နံနက်ပိုင်းတွင် ကွမ်ရှီးအမျိုးသားပြတိုက်သို့ သွားရောက်ကြပြီး ခင်းကျင်းပြသထားသည့် တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းကြောင်းနှင့် ရိုးရာအစဉ်အလာ အခမ်းအနားများ ကျင်းပမှု၊ ဝတ်စားဆင်ယင်မှုနှင့် အတူတစ်ကွရောနှောနေထိုင်မှု တို့ကို ကြည့်ရှုလေ့လာကြသည်။ ကွမ်ရှီးအမျိုးသားပြတိုက်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအပြီး တည်ဆောက်၍ ၂၀၁၉ ခုနှစ် မေ ၁ ရက်မှ စတင်ကာ အခမဲ့ ကြည့်ရှုလေ့လာရန် ဖွင့်လှစ်ပေးခဲ့သော တိုင်းရင်းသားယဉ်ကျေးမှု သီးသန့်ပြတိုက်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ ချစ်ခင်စည်းလုံးသင့်မြတ်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ပျိုးထောင်ရေးတို့အတွက် ပညာပေးစခန်းအဖြစ်လည်း ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ထို့နောက် ကွမ်ရှီးစီမံကိန်းပြတိုက်သို့ သွားရောက်ကြပြီး ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်မှုနှင့် ၎င်းဒေသရှိ ပြည်နယ်ပြခန်းများကို ကြည့်ရှုလေ့လာကြသည်။ ကွမ်ရှီးစီမံကိန်း ပြတိုက်သည် ကွမ်ရှီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တည်ထောင် ထားသည့် အများပြည်သူဆိုင်ရာ အရေးပါသော နေရာတစ်ခုဖြစ်သည်။ မွန်းလွဲပိုင်းတွင် ကွမ်ရှီးနေ့စဉ် သတင်းစာတိုက်သို့ သွားရောက်လေ့လာကြသည်။
ကွမ်ရှီး သတင်းစာတိုက်ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကွမ်ရှီး မီဒီယာအုပ်စုကုမ္ပဏီလီမီတက်၏ စီမံခန့်ခွဲမှုဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ နေ့စဉ် သတင်းစာ(၅)စောင်နှင့် စာစောင်(၄)စောင် ထုတ်ဝေမှုအပြင် သတင်းဝက်ဘ်ဆိုက် (၄)ခုဖြင့်လည်း ထုတ်လွှင့်လျက်ရှိပြီး စုစုပေါင်း အသုံးပြုသူ အရေအတွက်မှာ (၂၅)သန်းကျော်ရှိကြောင်း သိရသည်။ ဆက်လက်၍ ကွမ်ရှီးအသံလွှင့်နှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုဌာနကို သွားရောက်ကြပြီး ရေဒီယို(၇)လိုင်း၊ ရုပ်မြင်သံကြား (၁၀) လိုင်းနှင့် သတင်းဝက်ဘ်ဆိုက်၊ မိုဘိုင်းရုပ်သံတို့မှတစ်ဆင့် သတင်းများ၊ အစီအစဉ်နှင့် အကြောင်းအရာများ ပေါင်းစပ်ထုတ်လွှင့်နေမှုကို ကြည့်ရှုလေ့လာ ကြသည်။
၎င်းတွင် 5G ကွန်ရက်ဖြင့် အဆင့်မြှင့်တင်တည်ဆောက်ထားပြီး သမားရိုးကျမီဒီယာနှင့် ခေတ်သစ်မီဒီယာတို့ ပေါင်းစပ်ကာ အာဆီယံနိုင်ငံများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် ကွမ်ရှီးအသံလွှင့်နှင့် ရုပ်မြင်သံကြားထုတ်လွှင့်မှုဌာနတွင် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး မစ္စ ဖန်ရှောင်လီ၊ ဒုတိယဝန်ကြီး မစ္စတာ ဂန်ရီ တို့ ဉီးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံစဉ် သမားရိုးကျအစဉ်အလာ မီဒီယာနှင့် ခေတ်သစ်မီဒီယာတို့ ပူးပေါင်းဆောင်ရွက်မှု နည်းပညာအပါအဝင် သတင်းမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ၂၀၂၀ ပြည့်နှစ်တွင် ကျရောက်မည့် မြန်မာ - တရုတ် နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေး နှစ် (၇၀) ပြည့်အထိမ်းအမှတ် ပူးပေါင်းဆောင်ရွက်မှုများတွင် သတင်းမီဒီယာကဏ္ဍအပြင် ရုပ်ရှင်နှင့် ဂီတကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


