ရန်ကုန်  ၂၄  နိုဝင်ဘာ

 

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် ယမန်နေ့က  ကွေ့လင်မြို့နယ်အတွင်းရှိ ခရီးသွားပြကွက်ပြုလုပ်ထားသော လီဂျန်မြစ်တစ်လျှောက်နေရာများအား စက်လှေဖြင့် လည်းကောင်း၊ ရန်းစုမြို့ရှိ ကျေးလက်ဒေသဆိုင်ရာ ပြကွက်နေရာများအား မော်တော်ယာဉ်ဖြင့် လည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။

 

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကွေ့လင်မြို့မှ မြန်နှုန်းမြင့် ကျည်ဆံရထားဖြင့် ကွမ်ကျိုးမြို့သို့ထွက်ခွာပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့်  ထွက်ခွာရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မြန်မာ့အလင်းသတင်းစာတိုက်မှ စာတည်းမှူးချုပ် ဦးအောင်နိုင်ဦး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ မြန်မာရေးရာလေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသနမှူး ဦးအေးမောင်ကျော်နှင့် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ သုတေသနလက်ထောက် ဦးစောပြည့်မှူးတို့လည်း ပြန်လည်လိုက်ပါလာကြသည်။

 

(သတင်းစဉ်)