ဘူဆန် ၃၀ သြဂုတ်
ကိုရီးယားသမ္မတနိုင်ငံ၌ လေ့လာရေးခရီးရောက်ရှိနေသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သည့် ရုပ်ရှင်နှင့် ဗီဒီယိုဆိုင်ရာ လေ့လာရေးအဖွဲ့သည် ယနေ့တွင် ဘူဆန်မြို့ရှိ Korea Media Rating Board, Busan Asian Film School (AFiS), Busan Cinema Studios, Busan Film Commission နှင့် Korea Film Council (KOFIC) တို့ကို သွားရောက်လေ့လာကြသည်။
နံနက်ပိုင်းတွင် Busan Visual Industry Center ရှိ Korea Media Rating Board သို့ရောက်ရှိရာ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ ဖွဲ့စည်းဆောင်ရွက်နေမှု၊ ဇာတ်ကားအဆင့်အတန်း ငါးမျိုး ခွဲခြား သတ်မှတ်ပေးမှု၊ ကန့်သတ်ချက်ပြုလုပ်နေသည့် အကြောင်းအရာ ခုနစ်မျိုးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင် စုဝန်ကြီးနှင့် အဖွဲ့ဝင်များက ခွဲခြားသတ်မှတ်ပေးသည့် ဇာတ်ကားများအား ပြသသည့် ရုပ်ရှင်ရုံစနစ်အပါအဝင် အခြားသိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ဘူဆန်အာဆီယံရုပ်ရှင်သင်တန်းကျောင်း (AFiS)သို့ ရောက်ရှိရာ Busan Film Commission အကြောင်းနှင့် ဖွဲ့စည်းပုံ၊ စတူဒီယိုများ၊ ဟိုတယ်နှင့် သင်တန်းကျောင်းအပါအဝင် ဘူဆန်တွင်လာ ရောက် ရုပ်ရှင်ရိုက်ကူးမှုများအတွက် အသုံးပြုရမည့် ပစ္စည်းကိရိယာများအပြင် တည်းခိုမှုနှင့် သွားလာရေးမှစ၍ ဝန်ဆောင်မှုပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ AFiS သင်တန်းကျောင်းကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့မှု၊ သင်ကြားပို့ချသည့် ဘာသာရပ်များ၊ အာဆီယံနိုင်ငံများမှ သင်တန်းသားများအတွက် ကျောင်းဝင်ခွင့်ဆိုင်ရာများ၊ လူငယ်များအတွက် ရုပ်ရှင်ဇာတ်လမ်းတိုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က မေးမြန်းဆွေးနွေးကြသည်။
ညနေပိုင်းတွင် ဘူဆန်ရုပ်ရှင်စတူဒီယိုသို့ရောက်ရှိရာ ရုပ်ရှင်ဖွံ့ဖြိုးရေးအတွက် ၂၀ဝ၂ ခုနှစ်တွင် စတူဒီယို စတင်ဆောက်လုပ်ခဲ့ပြီး ပံ့ပိုးဆောင်ရွက်ပေးနေမှု၊ ဘူဆန်အစိုးရနှင့် လုပ်ငန်းရှင်များ အကျိုးတူ အစုရှယ်ယာထည့်ဝင်ပြီး ပူးပေါင်းဆောင်ရွက်နေမှု၊ စတူဒီယိုတွင် လုပ်ဆောင်မှုကြောင့် ပြင်ပရိုက်ကွင်းများ၌ ကြုံတွေ့ရသည့် အနှောင့်အယှက်များ ကင်းလွတ်မှု၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ရွှေ့ပြောင်းရသည့် အခက်အခဲများ ကင်းလွတ်မှု၊ အချိန်ကုန်သက်သာမှု၊ ပုံတူ/ပုံပွား စနစ်များ တီထွင်လုပ်ဆောင်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး မီတာ (၆၀ × ၃၀ × ၁၀) အရွယ်အစားရှိ စတူဒီယိုအတွင်း ပုံစံတူ ပြင်ဆင်ဆောက်လုပ်နေမှုကို လိုက်လံပြသသည်။
ဆက်လက်၍ ကိုရီးယားဖလင်ကော်မရှင်သို့ ရောက်ရှိကြရာ ကိုရီးယားဖလင်ကောင်စီ၏ မူဝါဒနှင့်အညီ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှု၊ ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် ဘူဆန်သို့ လာရောက် ရိုက်ကူးမှုများအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး ၎င်းအ ဆောက်အဦအတွင်း လိုက်လံရှင်းလင်းပြသည်။
ထို့နောက် ကိုရီးယားဖလင်ကောင်စီ (KOFIC) သို့ရောက်ရှိ၍ ကောင်စီဥက္ကဋ္ဌ အိုဆော့ဂွန်း (Oh Seok Geun) ဦးဆောင်သော ကောင်စီဝင်များနှင့်တွေ့ဆုံရာ ကောင်စီ၏ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် မူဝါဒချမှတ် လုပ်ဆောင်နေမှု၊ ဝင်ငွေရရှိမှု၊ ခွဲဝေမှုနှင့် ထောက်ပံ့ပေးမှု၊ ပြည်တွင်း/ပြည်ပရုပ်ရှင်ဇာတ်ကားများ ပြသမှုစနစ်၊ အာရှနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ရုပ်ရှင်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က မေးမြန်းဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)