နေပြည်တော်၊ အောက်တိုဘာ ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဗွီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် Indo-ASEANBusiness Summit & Expo သို့ တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေး နှင့် ကုန်သွယ်မှုများတွင် ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလအားဖြင့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အာဆီယံနှင့် အိန္ဒိယတို့သည် စီးပွားရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်မှုတွင်လည်း အလွန်နက်ရှိင်းသည့် ဆက်ဆံရေးရှိပါကြောင်း၊ အိန္ဒိယနိုင်ငံသည် အာဆီယံအတွက်သာမက မြန်မာနိုင်ငံအတွက်လည်း အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ အာဆီယံ - အိန္ဒိယ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒေသတွင်းရှိ ပြည်သူများအတွက် အခွင့်အလမ်းများနှင့် အောင်မြင်မှုများကို ယူဆောင်လာနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ အာဆီယံ - အိန္ဒိယ FTA အောက်မှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာအကူအညီ၊ သင်တန်း/ ဆွေးနွေးပွဲများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း နိုင်ငံများနှင့်သာမက အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိတ်ဖက်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားလိုပါကြောင်း၊ ထို့ပြင် ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် အရေးပါသည့် အကောက်အခွန် မဟုတ်သော အတားအဆီးများ ဖြေလျော့ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ရင်ဆိုင်နေကြရသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော ဒေသအဖြစ် ဖန်တီးသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
အဆိုပါ Business Summit & Expo သို့ အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Piyush Goyal နှင့် အာဆီယံနိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများ၊ အိန္ဒိယနိုင်ငံ Confederation of Indian Industry (CII) မှ ဥက္ကဌ Mr.T V Narendran ၊ ညွှန်ကြားရေးမှူးချုပ် Mr.Chandrajit Banerjee နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်