နေပြည်တော် ဒီဇင်ဘာ ၂၇

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန်ရုံးများသို့ သွားရောက် တာဝန်ထမ်းဆောင်မည့် တာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် (၆) လ တစ်ခါအလှည့်ကျ တာဝန်ထမ်းဆောင်ခြင်းဖြစ်၍ အတွေ့အကြုံရှိသည့် အရာထမ်းများကို စေလွှတ်ထားခြင်းဖြစ်ကြောင်း၊ ယခုကာလသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျော့နည်းနေသော်လည်း ကျန်းမာရေးကိစ္စကို အထူးသတိထားရန် လိုကြောင်း၊ မိမိသွားရောက်ရမည့်စခန်း၏ နယ်မြေလုံခြုံရေးကိစ္စများမှာလည်း အထူးအရေးကြီးပါကြောင်း၊ မိမိစခန်းအတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ အထက်သို့တင်ပြရန်လိုကြောင်း၊ ကုန်သွယ်ရေးစခန်း၊ ပို့ကုန်သွင်းကုန်ရုံးများသို့ သွားရောက်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိဌာန၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ပြောင်းလဲဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများအား သိရှိနားလည် သဘောပေါက်အောင် လေ့လာထားရန် လိုအပ်ကြောင်း၊ တွေ့ကြုံရသည့် အခက်အခဲများကို အထက်အကြီးအကဲများသို့ တင်ပြရန်လိုကြောင်း၊ OSS တွင် ပါဝင်သည့် ဌာနများနှင့် စုပေါင်းဆောင်ရွက်ရမည့် ကိစ္စများကို အပြန်အလှန် သတင်းပေးပို့ စုပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်တွင် စတင်ဆောင်ရွက်မည့် သွင်းကုန်လိုင်စင်နှင့် ပတ်သက်သည့် ပြောင်းလဲထားရှိမှုများကို အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကုန်သည်များဘက်မှလည်း နစ်နာမှုများမရှိရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် လိုကြောင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်များနှင့် ပတ်သက်၍လည်း နောက်ဆုံးပြောင်းလဲထားသည့် မူဝါဒများအတိုင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် ကုန်သွယ်မှုပမာဏ ပြည့်မီကျော်လွန်စေရေး အထူးအလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်