နေပြည်တော် ဖေဖော်ဝါရီ ၈

 

ကုန်သွယ်ရေးဦးစီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ခန်းမ (၁) ၌  ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းတက်ရောက် အမှာစကားပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်မှု ကဏ္ဍများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ပြည်ပနိုင်ငံရှိ စီးပွားရေးသံမှူးများအနေဖြင့်လည်း မြန်မာ့ပိုကုန်များ နိုင်ငံတကာသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် ပြပွဲများ၊ ဈေးကွက်ရှာဖွေချိတ်ဆက်ခြင်းများကို ပိုမို တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊  ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကြုံတွေ့ခဲ့သည့် အခက်အခဲများကြောင့် e-Commerce လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာရေးကိုလည်း အားပေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် နိုင်ငံ၏စီးပွားရေးကဏ္ဍတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများကို ပံ့ပိုးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရမှ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို အသေးစိတ်ရှင်းလင်းတင်ပြပြီး အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ထပ်မံဖြည့်စွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားသည်။

 

အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ   အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့်  ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်