မကွေး၊ ၁၇ မေ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် မေ ၁၅ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်း ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စေရေးအတွက် ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား မကွေးခရိုင် မြို့သစ်မြို့နယ်၊ ရေပြည့် ကျေးရွာရှိ မျိုးကောင်းမျိုးသန့်ပြန့်ပွားရေး နွားမွေးမြူရေးခြံ တည်ထောင်ထားမှုများကို Good Brothers ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်းကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်ပကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်သီးနှံများနှင့် ကျွဲ၊ နွားများတင်ပို့ရာတွင် Food Safety ဖြစ်စေရေးနှင့် လိုအပ်သည့် ကျန်းမာရေးထောက်ခံချက်များ၊ Certificate များရရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဒေသတွင်း ခေတ်မီမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လိုသူများကိုလည်း နည်းပညာများ ဖြန့်ဝေ ပေးသွားရန် နှင့် အားပေးကူ ညီသွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ပေါ်ရှိ အမေထွား ပဲဆီသန့် စက်ရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက စက်ရုံအတွင်း လှည့်လည်ပြသပြီး ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းထုတ်ဆီများ ပိုမိုကောင်းမွန်လာစေရေးအတွက် အစီအမံများချမှတ်၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး အတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်(၂)က တိုင်းဒေ သကြီးအတွင်း မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိမှုများ၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုတိုးတက် ဖြစ်ထွန်းလာစေရေးအတွက် မွေးမြူရေးဇုန်များ ဖော်ထုတ်၍ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မကွေးစက်မှုဇုန် ဖော်ဆောင်၍ ဒေသထွက်ကုန်များကို Value Added ထုတ်နိုင်အောင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းသားများက မကွေးတိုင်းဒေသကြီးမှ လယ်ယာ ထွက်ကုန်များ မူဆယ်နယ်စပ်သို့ တင်ပို့ရောင်းချနေမှုများ၊ ဒေသတွင်းကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ၊ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများကို ဝိုင်းဝန်းအကြံပြုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ပေါ်ရှိ မြေလတ်သား အထွေထွေစီးပွားရေးသမဝါယမအသင်း နှမ်းလှော်မှုန့်စက်ရုံသို့ သွားရောက်လေ့လာ ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြေရှင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


