နေပြည်တော်၊ မတ် ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းသည် ယနေ့ မွန်းလွဲ ၁ နာရီက မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးအတွက် ဥရောပအာရှ စီးပွားရေးကော်မရှင်၊ အကြီးစား စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံးမှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက် ပစ္စည်းများနှင့် Value added ထုတ်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍတွင် ငွေပေးချေရာ၌ ဒေသတွင်း ငွေကြေးစနစ်အား အသုံးပြု၍ ဆောင်ရွက်နိုင်ရေးကိစ္စ၊ ရေနံ၊ လယ်ယာသုံးစက်ပစ္စည်းများ၊ ဓါတ်မြေသြဇာနှင့် လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ တင်သွင်းနိုင်ရေးကိစ္စနှင့် မြန်မာနိုင်ငံနှင့် ဥရောပအာရှ နိုင်ငံများအကြား ကုန်သွယ်မှု ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-ရုရှား စီးပွားရေး လုပ်ငန်းရှင်များအကြား ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စနှင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


