နေပြည်တော် နိုဝင်ဘာ ၁၈

 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးမြို့၌  (၈)ကြိမ်မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Hybrid method ဖြင့် ကျင်းပပြုလုပ်ရာ အဆိုပါဖိုရမ် ကျင်းပရေးအမှုဆောင်ဥက္ကဋ္ဌ Prof. Hongbing Liao က နှုတ်ခွန်းဆက်စကား ပြောကြား၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Video Key Note Speech ဖြင့် မိန့်ခွန်းပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာဖိုရမ်များ အား ၂၀၀၈ ခုနှစ်မှစ၍ ယနေ့အထိ (၈) ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့ကျင်းပသော (၈)ကြိမ်မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာဆေးပညာ ဖိုရမ် ဆောင်ပုဒ်မှာ All on “Cloud Silk Road” for Oral Health ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလတွင် ကျန်းမာရေးဆိုင်ရာ ဖလှယ်မှ များ နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာခြင်းနှင့် ကိုက်ညီမှုရှိတာကိုလည်း တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-မန္တလေး၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်- ရန်ကုန်နှင့် Guangxi Medical University Hospital College of Stomatology တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ  တိုးမြှင့်လျက်ရှိပြီး ယခုအချိန်အထိ Guangxi Medical University College of Stomatology မှ မြန်မာနိုင်ငံ၏ ဘွဲ့ကြို၊ ဘွဲ့လွန်ဆရာဝန် (၃၀)နီးပါးကို ပြုစုပျိုးထောင်ပေးခဲ့ သည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ယနေ့သည် မြန်မာနိုင်ငံ၊  ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီး ဌာနနှင့်  Guangxi Medical UniversityCollege of Stomatology မှ ပညာရေးနှင့် ဆေးဘက် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို အွန်လိုင်းမှ တရားဝင်လက်မှတ် ရေးထိုးသည့် အခမ်းအနားလည်း ကျင်းပမည်ဖြစ်ပါ၍ နေ့ထူးနေ့မြတ်တစ်ရက်လည်း ဖြစ်ပါကြောင်း။

 

ထိုသို့ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံမှ သွားဘက်ဆိုင်ရာဆရာဝန်များအကြား ဆေးပညာရပ်ပိုင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားဖြည့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန်သည် တရုတ် ကွမ်ရှီး-အာဆီယံ ကျွမ်းကျင် ပညာရှင်အကြံပေးကော်မတီ တွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သွားဘက် ဆိုင်ရာဆေးပညာများ အပါအဝင် ကျန်းမာရေး အသိပညာများဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှု များကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံမှ ပြည်သူပြည်သားများ၏ ကျန်းမာရေး ကိုမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့်  Guangxi Medical University College of Stomatology မှ ပါမောက္ခချုပ်၊ Prof. Hongbing Liao တို့သည် သွားဘက်ဆိုင်ရာ ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို Virtual စနစ်ဖြင့် လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး တက်ရောက်ချီးမြှင့်သည်။

 

အဆိုပါ ဖိုရမ်ကို နိုဝင်ဘာ(၁၈)ရက်မှ (၁၉)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ သွားဘက်ဆိုင်ရာ ဆေးပညာရှင်များ၊ မြန်မာနိုင်ငံ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ သွားဘက်ဆိုင်ရာဆေးပညာရှင်များ ပါဝင်တက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄၇)၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနသို့ သွားရောက်၍ ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အရာထမ်း၊ အမှုထမ်းများနှင့်အတူတကွ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)