နေပြည်တော် ဩဂုတ် ၂၃

 

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ဩဂုတ်၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့် အာဆီယံနိုင်ငံများ၏ ကျန်းမာရေး ဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ လိုက်ပါသွားကြသည်။

အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးကို ဩဂုတ် ၂၄ ရက်နှင့် အာဆီယံနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို ဩဂုတ် ၂၅ ရက်တို့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး အာဆီယံဒေသအတွင်း ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုများနှင့် ကောင်းမွန်လျင်မြန်စွာ တုံ့ပြန်နိုင်မည့် ကျန်းမာရေးစနစ်များ ပေါ်ပေါက်လာရေးအတွက် ဘဏ္ဍာရေးနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါအရေးပေါ် ကာကွယ်တုံ့ပြန်ရေးမှ တဆင့် ရေရှည်ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ကောင်းမွန်သည့် ကျန်းမာရေး စနစ်များ ဖြစ်ပေါ်လာစေရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)