နေပြညတော် မတ် ၂၁

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အာဆီယံ အတွင်းရေးမှူးချုပ် H.E Dato Lim Jock Hoi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် COVID-19 ASEAN Response Fund မှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထောက်ပံ့ပေးမည့်ကိစ္စ၊ ASEAN AHA Center မှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ COVID-19 ရောဂါနှင့်ပတ်သက်၍ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးနေသည့်ကိစ္စနှင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထောက်ပံ့မှုတို့တွင် လက်ခံရရှိခဲ့သော အမေရိကန်ဒေါ်လာ ၁,၁၈၈,၇၄၈ တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း အမျိုးအစား (၅၀) ကျော် အား ၂၀၂၁ခုနှစ် နိုဝင်ဘာလမှစတင်၍ ဆေးရုံ (၅၈) ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကျန်းမာရေးဉီးစီးဌာန (၁၇) ခုသို့ လိုအပ်ချက်နှင့် ကိုက်ညီစွာ ဖြန့်ဝေပေးခဲ့မှု၊ တတိယအကြိမ် ထောက်ပံ့မှုအတွက် ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်ကိစ္စ၊ ဝန်ကြီးဌာနနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့အကြား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထောက်ပံ့ရေးနှင့်ပတ်သက်၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အဆင့်မြင့် အရာရှိကြီးများ၊ ASEAN AHA Center မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်