နေပြည်တော်၊ ဒီဇင်ဘာ ၂၇

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ချစ်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်) ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ဖွင့်လှစ်ပြီးစီးပါက ဆောင်ရွက်နိုင်မည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း/ အလှကုန်များဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆောက်အဦအား သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် လုပ်ငန်းအပြီးသတ် ဆောင်ရွက်နိုင်ရေး၊ လာမည့်နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တန်ဖိုးကြီးမားသည့် စက်ပစ္စည်းများကို မပျက်စီးရန် ထိန်းသိမ်းသွားရမည်ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများကိုလည်း အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစေရေး အဆင့်ဆင့် ကြီးကြပ်သွားရန် လိုအပ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှု အပိုင်းတွင်လည်း နိုင်ငံတကာအဆင့်မီ စစ်ဆေးနိုင်ရန် စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အရည်အသွေးပြည့်မီပြီး လုံခြုံစိတ်ချရသည့် အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ  ပြည်သူလူထုထံသို့ နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ရောက်ရှိသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကို အမြန်ဆုံး ဝန်ဆောင်မှုပေးနိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်သွားရန် လိုအပ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆောက်အဦ ဝင်းအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကာ  အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်းများနှင့် အထူးကြပ်မတ် ကုသ ဆောင်များ ပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ယင်းနောက် အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ နောက်ထပ်လှိုင်းအတွက် ပြင်ဆင်ရာတွင် ဆေးဝါး၊ ဆေးပစ္စည်း၊ အောက်ဆီဂျင်နှင့် လူနာကုတင်များ အလုံအလောက် စီစဉ်ထားရှိရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါအတွက် ပြင်ဆင်ထားရှိရန် အရေးကြီးသကဲ့သို့ အရေးပေါ် ဆေးကုသမှုလုပ်ငန်းများနှင့် ပုံမှန်ဆေးကုသမှု လုပ်ငန်းများကိုလည်း အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးရုံ၏ဆေးကုသရေး လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကန်ထရိုက်စနစ်ဖြင့် ငှားရမ်း၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူများအကျိုးကို ရှေးရှု၍ ဝန်ကြီးဌာနသို့ အလုပ်တာဝန် ပြန်လည် ထမ်းဆောင်လိုသည့် ဌာနကင်းကွာ ဝန်ထမ်းများကိုလည်း ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ပြန်လည်လက်ခံပေးလျက် ရှိပါကြောင်း၊ ဆေးပညာ ဘွဲ့လွန်သင်တန်းများ၏ စာမေးပွဲများ ကျင်းပလျက်ရှိပြီး၊ ဘွဲ့ကြိုသင်တန်း (နောက်ဆက်တွဲ) သင်တန်းများကိုလည်း ဖွင့်လှစ်ထားရှိကာ လာမည့်နှစ်ဆန်းပိုင်းတွင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) သင်တန်းများလည်း ဆက်လက် ဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ယခုထက်ပိုမို ကောင်းမွန်စွာဖြင့် စေတနာရှေ့ထားကာ ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ တင်ပြဆွေးနွေးချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn