နေပြည်တော်၊ အောက်တိုဘာ ၁၇

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ နံနက် (၈) နာရီခွဲတွင် အရိုးရောဂါအထူးကု ဆေးရုံကြီး- ရန်ကုန်မြို့သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာများက ၅ - ထပ်ဆေးရုံ အဆောက်အဦသစ်နှင့် (၈) ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုကိုလည်းကောင်း၊ ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်တင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၅ - ထပ် အဆောက်အဦသစ်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ နိုင်ငံတကာအဆင့်မီ ခေတ်မီဆေးရုံ အဆောက်အဦဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ လူနာများ စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်ရေး ပံ့ပိုးဆောင်ရွက်ရန်၊ ဆေးရုံသုံး ပစ္စည်းပြင်ဆင် ထိန်းသိမ်းမှုများ ပုံမှန်ဆောင်ရွက်ထားရှိရန်၊ ဝန်ထမ်းသက်သာချောင်ချိရေး အလေးထား ဆောင်ရွက်ပေးရန်နှင့် ဆေးရုံကြီးသာယာလှပစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရိုးအထူးကု ဆေးရုံကြီးရှိ ခါးရိုးခွဲစိတ် ကုသလူနာဆောင်နှင့် သံလိုက်ဓာတ်မှန်ခန်း (MRI scan Room) တို့ကိုလည်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်