နေပြည်တော် နိုဝင်ဘာ၂၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ အသည်းအစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာ ဆောင်ရွက်ထားရှိသည့် အသည်းလူနာများနှင့် အသည်းအလှူရှင်များကို ကြည့်ရှုအားပေးစကား ပြောကြားကာ အစားအသောက် လက်ဆောင်ခြင်းများ ပေးအပ်သည်။ 

အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်၌ နိုဝင်ဘာ (၇) ရက်တွင် (၃၆) ကြိမ်မြောက်အဖြစ် မိုးကုတ်မြို့နေ (၄၉) နှစ်အရွယ် အသည်းလူနာအမျိုးသားနှင့် အသည်းအလှုရှင် မောင်နှမဝမ်းကွဲတော်စပ်သူ အသက် (၄၃) နှစ်အရွယ် အမျိုးသမီးအတွဲကို လည်းကောင်း၊ နိုဝင်ဘာ (၈) ရက်တွင် (၃၇) ကြိမ်မြောက်အဖြစ် ဟားခါးမြို့နေအသက် (၆၀) အရွယ် အသည်းလူနာအမျိုးသမီးနှင့် သမီးတော်စပ်သူ အသည်းအလှုရှင် အသက် (၂၅) နှစ်အရွယ် အမျိုးသမီးအတွဲကိုလည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သည်။ ယခုအခါ အဆိုပါ အသည်းအလှူရှင်များမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး အသည်းလက်ခံထားရှိသည့် လူနာများသည်လည်း ကျန်းမာရေး တိုးတက်ကောင်းမွန်လျက်ရှိသဖြင့် အသည်းအစားထိုးခွဲစိတ်ကုသမှု ခံယူထားသည့် လူနာများကို နိုဝင်ဘာ (၂၄) ရက်တွင် ဆေးရုံဆင်းခွင့်ပြုပြီး ဖြစ်သည်။ 

 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန် ခြောက်ထပ်ဆောင်၊ အစည်းအဝေးခန်းမ၌ အသည်းအစားထိုးခွဲစိတ်မှုတွင် ပါဝင်ခဲ့သော လုပ်ငန်းအဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ပုံမှန်ဆောင်ရွက်နေပြီဖြစ်သည့် ကျောက်ကပ်အစားထိုးခွဲစိတ်မှုများတွင် ပါဝင်သည့်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု/ အသည်းအစားထိုးခွဲစိတ်ကုသမှုများ စနစ်တကျ ဆက်လက်ဆောင်ရွက်နိုင်ရေး မှာကြားကာ ပြည်တွင်း၌ အသည်းအစားထိုးနှင့် ကျောက်ကပ်အစားထိုး ခွဲစိတ်မှုများကို ပြုလုပ်ပေးခြင်းအားဖြင့် ရောဂါခံစားနေရသည့် ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများအနေဖြင့် ပြည်ပသို့သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေ‌ခြင်း၊ ပြည်သူ့ဆေးရုံများတွင် ဝန်ဆောင်မှုပိုမိုတိုးတက်ကောင်းမွန်စေခြင်းနှင့် ပြည်သူတစ်ဦးချင်းစီ စိုက်ထုတ် သုံးစွဲရငွေလျော့ကျစေမည်ဖြစ်ခြင်းတို့ကြောင့် အရှိန်အဟုန်မပျက် ပုံမှန်ဆက်လက် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်