နေပြည်တော် မတ်၂၇
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး မစ္စတာအူလာဇမီယာ ဘာရာဗီကူ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေး၊ ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချဖြန့်ဖြူးရေး၊ ဆေးဝါးထုတ်လုပ်မှု ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး၍ ဆေးတက္ကသိုလ်များအချင်းချင်း ဘွဲ့ကြိုနှင့်ဘွဲ့လွန် ဆေးပညာသင်ကြားမှုများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ ဆေးနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်စေလွှတ်ရေးနှင့် ဆေးရုံများအကြား ကုသရေးဆိုင်ရာ ကိစ္စရပ်များအားပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်မြို့အခြေစိုက် ဘယ်လာရုစ်နိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှ ကိုယ်စားလှယ်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်