နေပြည်တော် ဧပြီ ၂၄
အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ကိုယ်စား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဂျာမနီနိုင်ငံ အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ် ငြိမ်သက်ကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ငလျင်ဘေးတုံ့ပြန်ရေးအတွက် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့ ၂၃ ဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ဂျာမနီနိုင်ငံ အရေးပေါ်ဆေးကုသရေးအဖွဲ့(Humedica)သည် ဧပြီ ၁၅ ရက်စတင်ကာ နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင် ၃၀၀ တွင်အခြေပြု၍ ငလျင်ဘေးအရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး အရေးပေါ်နှင့် ပြင်ပလူနာပေါင်း ၁၀၀၀ နီးပါးကို ဆေးကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် လူနာများအတွက် လိုအပ်သည့်ပစ္စည်းများကို ပံ့ပိုးပေးခဲ့သဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကိုယ်စား ဂျာမနီနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့် Humedica အဖွဲ့အား အထူးကျေးဇူးတင်ရှိကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနအနေနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ ငလျင်ဘေးသင့်ဒေသများတွင် ဘက်စုံ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သူများအတွက် လိုအပ်သည့်ကျန်းမာရေးဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်းပြောကြားပြီး ဂျာမနီနိုင်ငံနိုင်ငံ အရေးပေါ်ဆေးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းတင်လွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
ယမန်နေ့ ညနေပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး ခုတင် ၃၀၀ တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေသော အမေရိကန်ပြည်ထောင်စု၊ International Medical Corps အဖွဲ့နှင့် ဂျာမနီနိုင်ငံ၊ Humedica အဖွဲ့တို့မှ တစ်ရက်လျှင် ပြင်ပလူနာ ၁၀၀ ဦးစီခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို လှည့်လည်ကြည့်ရှု၍ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည် များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)