နေပြည်တော် ဧပြီ ၂၃
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ သော ဆေးရုံများနှင့် ရုံးဌာနအဆောက်အဦ၊ ဝန်ထမ်းအိမ်ရာများအမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ရေးတို့အတွက် အဆောက်အဦများထိခိုက်ပျက်စီးမှု၊ ဆက်လက်အသုံးပြုနိုင်မှု၊ မြေအမျိုးအစားနှင့် ငလျင်ဒဏ်ခံနိုင်မှု အခြေအနေတို့အား စစ်ဆေး၍ လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်အောင် တာဝန်ရှိသူ များက စီမံခန့်ခွဲဆောင်ရွက်သွားရန်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုဗဟိုကော်မတီ၏ လမ်းညွှန်မှာကြား ချက်များကို ဝန်ထမ်းများသိရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ နိုင်ငံတကာ အဆင့်မီ ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ပြည်သူများ၊ ဝန်ထမ်း များအနေဖြင့် ငလျင်မလှုပ်မီ၊ လှုပ်နေစဉ်နှင့် လှုပ်ပြီးအချိန်များတွင် ဆောင်ရန်ရှောင်ရန် များကို လုပ်ငန်းလမ်းညွှန်များရေးဆွဲပြီး ပုံမှန်လေ့ကျင့်ခန်း(Drill)များ ပြုလုပ်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေး ပညာဦးစီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုနှင့် ဝန်ထမ်း များ၏ နေထိုင်စားသောက်ရေး အခြေအနေများကို လိုက်လံကြည့်ရှုပြီး အားပေးစကားပြောကြား ကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသတင်း ရရှိသည်။
(သတင်းစဉ်)