နေပြည်တော် အောက်တိုဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၌ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများအားတွေ့ဆုံ အမှာစကား ပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သုတေသနလုပ်ငန်းများသည် ဆေးပညာဖွံ့ဖြိုး တိုးတက်ခေတ်မီ စေရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ကြီးဌာန၏ မူဝါဒများအကောင်အထည် ဖော်ရာတွင် အထောက်အကူဖြစ်စေရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတွက် အကျိုးရှိသည့်ဦးစီးဌာနဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် Genetic sequencing (မျိုးရိုးဗီဇ) ပြောင်းလဲမှုကို ဓာတ်ခွဲ စမ်းသပ်နိုင်ခဲ့သလို နောင်တွင်လည်း မျိုးရိုးဗီဇပြောင်းရောဂါပိုးများကို ဆက်လက်သုတေသန ပြုသွားရန်လိုကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ အနေဖြင့် နောင်တွင်ဖြစ်ပွားလာ နိုင်သည့် ကူးစက်ရောဂါအသစ်များကို တုံ့ပြန်ဆောင်ရွက်သွားနိုင်ရေး အမြဲအသင့်ရှိနေရမည်ဖြစ်သလို ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးထိုးနှံရမည့် အသက်အရွယ်အတွင်း အကျုံးဝင်သည့် ကလေးငယ်များ တစ်ယောက်မကျန် ကာကွယ်ဆေးထိုး နှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ထမ်းများက ဦးစီးဌာနအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များ၊ အခက်အခဲများကို တင်ပြကြပြီး ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဆေးသုတေသနဦးစီးဌာန၏ သုတေသန လေ့ကျင်းရေးဗဟိုဌာန (Research Training Center)တည်ဆောက်ပြီးစီးမှု အခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဆေးသုတေသနဦးစီးဌာန၏ သုတေသနလေ့ကျင့်ရေး ဗဟိုဌာနဖွင့်လှစ်ပြီးစီးပါက ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ဘွဲ့လွန်သင်တန်းသားများ၊ အခြား ဝန်ကြီးဌာနများမှ ဘွဲ့လွန်သင်တန်းသားများ၊ ဝန်ထမ်းများကို သုတေသနနည်းပညာ အခြေခံ လိုအပ်ချက်နှင့် သုတေသနနည်းလမ်းများကို လေ့ကျင့်သင်ကြားပေးနိုင်မည်ဖြစ်ပြီး ဘာသာရပ်များ အနေဖြင့် လက်တွေ့အသုံးချသုတေသန (Implementation Research)၊ သုတေသနနည်းစနစ် (Research Methodology)၊ လူမှုရေးသိပ္ပံဆိုင်ရာသုတေသန (Social Science Research)၊ ဇီဝဆေး ပညာဆိုင်ရာသုတေသန (Bio-medical Research)နှင့် သုတေသနကျင့်ဝတ် (Research Ethics) ဘာသာရပ်များကို သင်ကြားပို့ချပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)