နေပြည်တော်  အောက်တိုဘာ ၁၅

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဧရာဝတီ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက၊ လပွတ္တာမြို့ ပြည်သူ့ဆေးရုံကြီးသို့ ‌ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ မော်လမြိုင်ကျွန်းမြို့ ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရေးဆောင်ရွက်နေကြောင်း၊ လိုအပ်သည့်ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ ညတာဝန်ကျဝန်ထမ်းများအား စားစရိတ်ထောက်ပံ့ခြင်း၊ ဘွဲ့လွန် ဒီပလိုမာ၊ ဘွဲ့များအတွက် ဘွဲ့လွန်ကြေးထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ထားရှိပြီး ကျန်းမာရေး အန္တရာယ်ထိခိုက်နိုင်သည့်တာဝန်ဆောင်ရွက်နေရသည့် ကျန်းမာရေးဝန်ထမ်း များဖြစ်သည့် ဆေးဘက်ကျွမ်းကျင် ဓါတ်ခွဲ၊ ဓာတ်မှန်၊ ဓာတ်ရောင်ခြည်၊ ရူပဗေဒ၊ အဏုမြူ ရောင်ခြည်စသည်တို့အတွက်ချီးမြှင့်ငွေထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်းပြော ကြားပြီး အထူးကြပ်မတ် ကုသခန်း၊ အရေးပေါ် နှင့် ပြင်ပလူနာဌာန၊ အရိုးကုသဆောင်၊ ခွဲစိတ် လူနာဆောင်နှင့် ခွဲစိတ်ခန်းတို့ကို   ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အတူ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး အသစ်တည်ဆောက်လျက်ရှိသည့် ကိုးထပ်တိုးချဲ့ဆောင်၌ အဆောက်အဦအထူးအဖွဲ့(၁၅)မှ တာဝန်ရှိသူများ၊ ပြည်သူ့ဆေးရုံကြီး-ပုသိမ်မြို့မှ ဆေးရုံအုပ်ကြီး၊  မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခု(၉)ထပ်တိုးချဲ့ဆောင်သစ်ကို ၂၀၂၃-ခုနှစ်၊ (၇၅)နှစ် မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီစွာ အချိန်မီဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ ဆေးကုသရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်များကို စွမ်းအားပြည့်အသုံးပြုနိုင်ရေး ထိထိရောက်ရောက် စီစဉ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က  အမှာစကား ပြောကြားသည်။

ယင်းနောက် အဆောက်အဦအထူးအဖွဲ့ (၁၅)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုး က တိုးချဲ့ဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းများကို လည်းကောင်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်နှင့် တာဝန်ရှိသူ များကဆေးရုံကြီး အချိန်မီဖွင့်လှစ်နိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးရုံကြီးအတွင်းရှိ လူနာခန်းများ၊ ခွဲစိတ်ခန်းများ၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ကွန်ပြူတာ ဓာတ်မှန်ခန်းများဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်