နေပြည်တော်၊ နိုဝင်ဘာ ၁၁

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၂-ခုနှစ် နိုဝင်ဘာလ၌ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၏ သင်ကြားရေးဆေးရုံကြီးများတွင် မကြာမီ အလုပ်သင်ကာလပြီးမြောက်ကာ ကုသရေးဦးစီးဌာနရှိ ပြည်သူ့ဆေးရုံများတွင် နိုင်ငံ့ဝန်ထမ်း များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်များကို ယနေ့ နံနက် ၁၀ နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ဆရာဝန်များ လေ့ကျင့်သင်ကြား မွေးထုတ် ပေးခြင်းရည်ရွယ်ချက်မှာ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ကြောင်း၊ နိုင်ငံတော်အစီအစဉ်ဖြင့် တက်ရောက်သင်ကြားအောင်မြင်ခဲ့ပြီဖြစ်သဖြင့် နိုင်ငံတော် လိုအပ်ချက်နှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ခန့်အပ်တာဝန်ချထားဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကာ မိမိတို့၏ medical professional ဆိုင်ရာ အတွေ့အကြုံများရယူပြီး ဘွဲ့လွန်သင်တန်းများ ဆက်လက်တက်ရောက်နိုင်ရေး ကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ ခံယူချက်မှန်ကန်စွာဖြင့် အလုပ်သင်ဆရာဝန် တာဝန်ဝတ္တရားများ ထမ်းဆောင်ပြီးဖြစ်သဖြင့် ဆက်လက်၍ ဆရာဝန်များ၏ အဓိဋ္ဌာန်ပြုကတိသစ္စာနှင့်အညီ လူနာများကို အဓိကထားပြီး ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း၊ တာဝန်ချထားရာတွင် ဆန္ဒပြုဆေးရုံနှင့် လုပ်ငန်းလိုအပ်ချက်တို့အပေါ် မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာဝန် အလုပ်သည် ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်သည့်အတွက် အတ္တဟိတ၊ ပရဟိတမျှတစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ထောက်ဆရာဝန်များအဖြစ် ခန့်အပ်ပြီးပါက နိုင်ငံ့ဝန်ထမ်းများရသင့် ရထိုက်သည့်အခွင့်အရေးများ ရရှိမည် ဖြစ်ကြောင်း၊ ပေးအပ်သည့် တာဝန်များကို ကျေပြွန်စွာထမ်းဆောင်ကာ အောင်မြင်သည့် အထူးကု ဆရာဝန်ကြီးများ၊ သမားကောင်း များဖြစ်အောင် ကြိုးစားကြစေလိုကြောင်းနှင့် ဆုမွန်ကောင်းတောင်းပါကြောင်း မှာကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားကာ အလုပ်သင်ဆရာဝန်များက တစ်ဦးချင်းအလိုက် မိတ်ဆက်တင်ပြခဲ့ကြသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် အလုပ်သင် ဆရာဝန်/သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့်အတူ နေ့လည်စာကို ရင်းရင်းနှီးနှီး အတူတကွ သုံးဆောင်ခဲ့ကြသည်။

 

တွေ့ဆုံပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ် ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး အဆိုပါ အလုပ်သင်ဆရာဝန်/သွားဘက်ဆိုင်ရာ ဆရာဝန်များသည် ၂၀၂၂-ခုနှစ် နိုဝင်ဘာလတွင် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၏ သင်ကြားရေး ဆေးရုံကြီးများတွင် အလုပ်သင်ကာလ ပြီးမြောက်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)