နေပြည်တော် ဩဂုတ် ၁၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း သည် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနနှင့် ကျန်းမာရေး ဝန်ထမ်းသင်တန်းကျောင်း တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသော ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ CCCC Third Habouring Co. Ltd တို့မှ တာဝန်ရှိသူများမှ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု၊ လိုအပ်ချက်များ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း က ရောဂါထိန်းချုပ်နှိမ်နင်း ရေးဗဟိုဌာနအတွက် လိုအပ်သည့် အဆင့်မြင့်ဓာတ်ခွဲခန်းသုံးပစ္စည်းများ တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ကျန်းမာရေးဝန်ထမ်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်သွားမည့် အခြေအနေများကိုရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားပြီး CCCC Third Habouring Co. Ltd တို့မှ တာဝန်ရှိသူများထံ အမှတ်တရ သစ်သီးခြင်းပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်း (Myanmar CDC) သည် ယွမ်သန်း (၄၀၀)ခန့်တန်ဖိုးရှိ နိုင်ငံတကာအဆင့်မီရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနတစ်ခုဖြစ်ပြီး (ဇီဝလုံခြုံမှုအဆင့်-၃) Biosafety Level- 3 အဆင့်အထိရှိသော ဓာတ်ခွဲခန်းများ အပါအဝင် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေးစနစ်များပါရှိသော (၃)ထပ် ရောဂါထိန်းချုပ်နှိမ်နင်းရေး အဆောက်အဦ၊ သင်တန်းသား/သင်တန်းသူ (၄၀၀)ခန့် ထားရှိ၍ လေ့ကျင့်သင်ကြားပေးနိုင်မည့် (၃)ထပ် ကျန်းမာရေးသင်တန်းကျောင်း အဆောက်အဦနှင့် (၂)ထပ် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦတို့ ပါရှိသည်။ ထို့ပြင် Myanmar CDC တွင် တာဝန်ထမ်းဆောင် ကြမည့် ကျန်းမာရေး ဝန်ထမ်းများကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်