နေပြည်တော် စက်တင်ဘာ ၁၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့် နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိစ္စရပ်များ၊ Shanghai Cooperation Organization (SCO)အဖွဲ့ဝင်နိုင်ငံများနှင့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ် များအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းဆေး တက္ကသိုလ်များအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် လေ့ကျင့်ရေးသင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့် တင်နိုင်ရေး သင်တန်းပို့ချခြင်းဆိုင်ရာကိစ္စရပ်များ၊ နှလုံးဆေးပညာနှင့် နှလုံးသွေးကြောခွဲစိတ်မှုလုပ်ငန်း များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့်  မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းကို အခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

(သတင်းစဉ်)