နေပြည်တော်၊ စက်တင်ဘာ ၂၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် - ကျည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ ပုဗ္ဗသီရိ မြို့နယ်-ခါးပြတ်ကျေးရွာရှိ အောင်စည်သာ ဘုန်းတော်ကြီးကျောင်းနှင့် တပ်ကုန်းမြို့နယ်- ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာနများသို့ သွားရောက်၍ သမားတော်၊ ခွဲစိတ်၊ အရေပြား၊ ကလေး၊ အရိုး၊ စိတ်ရောဂါအထူးကု ဆရာဝန်ကြီးများ၏ ရေဘေးသင့်ပြည်သူများအား ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးသည်။
ခရီးစဉ်တွင် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ကလေးရောဂါ အထူးကုဆေးရုံကြီး-နေပြည်တော်၊ အရိုးရောဂါ အထူးကုဆေးရုံကြီး - နေပြည်တော်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီး -ရန်ကုန်တို့မှ အထူးကုဆရာဝန်ကြီးများ ဦးဆောင်၍လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာ ဘုန်းတော်ကြီးကျောင်း၌ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) တို့မှ အထူးကုဆရာဝန်များ ဦးဆောင်၍လည်းကောင်း၊ တပ်ကုန်းမြို့နယ် - ညောင်လွန့်ကျေးလက်ကျန်းမာရေးဌာန၌ ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမြို့မှ အထူးကုဆရာဝန်များ ဦးဆောင်သောအဖွဲ့ကလည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အထူးကုကွင်းဆင်း ဆေးကုသရေး အစီအစဉ်သို့ လာရောက်ပြသကြသော ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းသည်။
ထို့နောက် ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရသည့် ဇေယျာသီရိမြို့နယ် စည်ပင်သာယာ ကျေးလက် ကျန်းမာရေးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြားကာ ငွေကျပ် (၁၁၇) သိန်း ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ သန့်ရှင်းသော သောက်သုံးရေရှိစေရေး သောက်ရေသန့်များတွင် ရေသန့်ဆေးပြားများ ခပ်ခြင်း၊ သုံးရေများတွင် ကလိုရင်းဆေးခပ်ခြင်းဆောင်ရွက်နေမှု၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ပိုးသတ် သန့်စင်ဆေးဖျန်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေကြီးရေလျှံမှု နောက်ဆက်တွဲ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရမည်းသင်းမြို့နယ် - သိမ်ကုန်းကျေးရွာ၊ ဇီးတော ဘုန်းကြီးကျောင်းသို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး (မိတ္ထီလာမြို့) နှင့် ခရိုင်ပြည်သူ့ဆေးရုံ (ရမည်းသင်းမြို့) တို့မှ အထူးကုဆရာဝန်ကြီးများက ရမည်းသင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ ပျော်ဘွယ်မြို့နယ် အရှေ့လျှော်ဖြူကုန်းကျေးရွာ မြို့ဦးဇေတဝန်တောင်ကျောင်း၌ ပြည်သူ့ဆေးရုံကြီး (ပြင်ဦးလွင်မြို့) မှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ ပြည်သူ့ဆေးရုံ (တပ်ကုန်းမြို့)ရှိ ပျက်စီးသွားသော ဆေးရုံသုံး စက်ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကိုလည်းကောင် လှည့်လည်ကြည့်ရှုပြီး လူနာများအတွက် များစွာအကျိုးဖြစ်ထွန်းစေခဲ့သည့်အတွက် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြသော ကုသရေးဦးစီးဌာနမှ အင်ဂျင်နီယာများကို ထောက်ပံ့ငွေများ ပေးအပ်သည်။
ယခုကဲ့သို့ ရေဘေးသင့်မြို့နယ်များသို့ သွားရောက်ကာ ကွင်းဆင်းဆေးကုသမှုဆောင်ရွက် ပေးခဲ့ကြသော နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ကလေးရောဂါအထူးကုဆေးရုံကြီး-နေပြည်တော်၊ အရိုးရောဂါ အထူးကုဆေးရုံကြီး-နေပြည်တော်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ စိတ်ကျန်းမာရေးဆေးရုံကြီး-ရန်ကုန်၊ ပြည်သူ့ဆေးရုံကြီး၊ မိတ္ထီလာမြို့၊ ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ရမည်းသင်းမြို့တို့မှ အထူးကု ဆရာဝန်ကြီးများ ဦးဆောင်သောအဖွဲ့သည် လာရောက်ပြသခဲ့သော လူနာ စုစုပေါင်း (၁,၄၈၄)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရေကြီးရေလျှံမှုဒဏ် ခံစားခဲ့ရသည့် ရေဘေးသင့်မြို့နယ် (၄၉) မြို့နယ်သို့ အထူးကုဆေးကုသရေးအဖွဲ့များ စေလွှတ်ခဲ့ပြီး အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ရေဘေးသင့်ပြည်သူ စုစုပေါင်း (၃,၄၄၅) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
%20%23.jpg)


