နေပြည်တော် ဇွန် ၂၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဉီးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်းချန်းမြို့၌ ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သည့် ၂၀၂၄ခုနှစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဇွန် ၂၇ ရက်က ပြည်ထောင်စုဝန်ကြီး ဉီးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ်ရှိ ကျန်းကျုံးတိုင်းရင်းဆေးဉယျာဉ်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက တရုတ်တိုင်းရင်းဆေးဝါးသမိုင်းကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာပုံအဆင့်အဆင့်၊ တိုင်းရင်းဆေးဉယျာဉ်အတွင်း တိုင်းရင်းဆေးပင်များပြုစုပျိုးထောင်ထားမှု၊ ခေတ်မီစက်ကိရိယာနှင့် နည်းစနစ်များအသုံးပြု၍ အဆင့်မြင့် တရုတ်တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ထုတ်ပိုးနေမှုနှင့် အရည်အသွေးထိန်းချုပ်မှုအပိုင်းများကို လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်ချန်း တိုင်းရင်းဆေးတက္ကသိုလ်သို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက တက္ကသိုလ်၏ သမိုင်းကြောင်း၊ ကျောင်းသား ကျောင်သူများလေ့လာနိုင်အောင် ဆေးဘက်ဝင် တရုတ်တိုင်းရင်းဆေးပင်များကို စနစ်တကျပြင်ဆင်ထားရှိမှု၊ ခေတ်အဆက်ဆက် တရုတ်တိုင်းရင်းဆေးကျမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိပြီး မျိုးဆက်သစ်များကို ပညာအမွေ လက်ဆင့်ကမ်းခဲ့ပုံများကို လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နန်ချန်းတိုင်းရင်းဆေးရုံသို့သွားရောက်၍ တရုတ်တိုင်းရင်းဆေး ကုထုံးများဖြစ်သည့် အပ်စိုက်ကုထုံး၊ အပူကုထုံး၊ အနှိပ်ကုထုံးများကို ခေတ်မီစက်ကိရိယာများအသုံးပြု၍ လူကြီးနှင့် ကလေးငယ်များကို ကုသပေးနေမှုကိုလည်းကောင်း၊ ပြန်လည်သန်စွမ်းမှုဌာနတွင် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ကုသနေမှုကိုလည်းကောင်း သွားရောက် လေ့လာကြသည်။
ဇွန် ၂၈ ရက်ကလည်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကျန်းရှီးပြည်နယ် တိုင်းရင်းဆေးပညာအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် ပါတီအတွင်းရေးမှူး ဦးဆောင်သည့် အဖွဲ့နှင့်တွေ့ဆုံ၍ တိုင်းရင်းဆေးဝါး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် နန်ချန်း တိုင်းရင်းဆေးတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည့် အစီအစဉ်၊ တိုင်းရင်းဆေးပညာပြတိုက် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


