နေပြည်တော်၊ ဇွန် ၁၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ညောင်ဦးမြို့သို့ သွားရောက်ကာ ဆေးရုံလုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းလာပြီး ကာကွယ်ဆေးထိုးနိုင်သည့် လူဦးရေလွှမ်းခြုံမှု အားကောင်းလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ထိန်းချုပ်မှုများကို ဖြေလျှော့၍ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြေးဆွဲမှု ဆောင်ရွက်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ RDT စစ်ဆေးပေးခြင်းဖြင့် မိမိတို့လိုရာသို့ ဆက်လက်သွားရောက်နိုင်အောင် ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတကာ ခရီးသွားများအတွက် ကျန်းမာရေးအာမခံစနစ်ကိုလည်း နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ Monkeypox ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက်လည်း နိုင်ငံတကာခရီးသွားများအတွက် Health Declaration Card များပြုစုကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ ညောင်ဦးမြို့သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်နေရာတွင် တည်ရှိသဖြင့် ပြည်တွင်းခရီးသွား ဧည့်သည်များသာမက ပြည်ပခရီးသွား ဧည့်သည်များပါ အသွားအလာ များပြားသည့် နေရာဖြစ်သဖြင့် ပြည်သူ့ဆေးရုံကြီး၊ ညောင်ဦးမြို့၏ ဆေးကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ပြည်သူ့ဆေးရုံကြီးများ၌ အကူသူနာပြု သင်တန်းများ ဖွင့်လှစ်လျက်ရှိပြီး သူနာပြုများ၏ ရာထူးအခွင့်အလမ်းများကို သတ်မှတ်ချက်များနှင့်အညီ တိုးမြှင့်ရေးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဆရာဝန်များအတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများ၊ အစည်းအဝေးများ၊ နှီးနှောဖလှယ်ပွဲများသို့ သွားရောက်၍ ပညာလေ့လာ ဆည်းပူးနိုင်ရေးကိုလည်း စိစစ်ပံ့ပိုးပေးလျက် ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန် ဆေးပညာသင်တန်းများ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိရာ ဘာသာရပ် (၁၁) ခုအတွက် လုပ်သက် ကန့်သတ်ချက်မရှိဘဲ ဘွဲ့လွန်ပညာသင်ကြားခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ ဓာတ်မှန်ကဲ့သို့ ဘာသာရပ်များအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ပါမောက္ခများ၏ အကြံပြုချက်များရယူနိုင်မည့် Teleconsultation၊ Teleradiology စနစ်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း။
သွေးလွန်တုပ်ကွေးရောဂါအပါဝင် TB, HIV, Malaria ရောဂါများအတွက် လိုအပ်သည့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးသည့် ပစ္စည်းကိရိယာများ၊ ဆေးဝါးများ လုံလောက်စွာထောက်ပံ့ရန် စီစဉ်ထားပါကြောင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများကဲ့သို့ မကူးစက်နိုင်သော နာတာရှည်ရောဂါများအတွက် ဆေးဝါးများကိုလည်း ပြည်သူ့ဆေးရုံများ၌ လုံလောက်စွာထားရှိရန် စီစဉ်ထားရှိရမည်ဖြစ်ပါကြောင်း၊ အရေးပေါ် ဆေးကုသရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို အားဖြည့်ဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အထူးကုဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုများနှင့် လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ ညောင်ဦးပြည်သူ့ဆေးရုံကြီး၏ ဆေးကုသရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးကုသဆောင်များ၊ အရေးပေါ်နှင့်ပြင်ပ လူနာဌာန၊ 64 Slice CT scan တပ်ဆင်နေမှု အခြေအနေ၊ ဓာတ်မှန်ဌာန၊ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ်ကုသခန်း၊ အောက်ဆီဂျင်စက်များ တပ်ဆင်ထားရှိမှု၊ ခွဲစိတ်လူနာဆောင်၊ အရိုးကုသဆောင်၊ ကျောက်ကပ်သန့်စင်ခန်း၊ ကလေးနှင့် မွေးကင်းစလူနာဆောင်တို့ကို လှည့်လည်ကြည့်ရှုကာ လူနာများ၊ လူနာစောင့်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်