နေပြည်တော် ဇွန် ၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေ သော သွားနှင့်ခံတွင်းဆရာဝန်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်လွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ သွားနှင့်ခံတွင်းဆရာဝန်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သွားနှင့်ခံတွင်းကျန်းမာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစနစ် (Universal Health Coverage-UHC) ရရှိရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုအား သွားနှင့်ခံတွင်းဆိုင်ရာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်နှင့် တိုက်နယ်အဆင့်မှ ကျေးလက်ဒေသများအထိ ပိုမို၍ ထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း။
ဝန်ကြီးဌာနအနေဖြင့် သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုထိရောက်စွာ ပေးအပ်နိုင်ရန် အတွက် မြို့နယ်တိုင်းတွင် သွားနှင့်ခံတွင်းဆေးကုသမှုထိုင်ခုံ (Dental Chair) များနှင့် လိုအပ်သည့် ဆေးပစ္စည်းနှင့် စက်ပစ္စည်းကိရိယာများ လုံလောက်စွာထားရှိရေး၊ မြို့နယ်တိုင်းတွင် သွားနှင့် ခံတွင်းဆရာဝန် များကို ထားရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သွားနှင့်ခံတွင်းဆရာဝန်များအနေဖြင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေးဟူ၍ ကဏ္ဍခွဲခြားခြင်းမရှိဘဲ ပြည်သူလူထုနှင့် လူနာများ၏အကျိုးကို ရှေးရှု၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများကို တွဲဖက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
ပညာရပ်ဆိုင်ရာ တိုးတက်မှုများ အဆက်မပြတ်ရှိစေရေးအတွက် ဌာနတွင်းစဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း အစီအစဉ် (CME) များ ဆောင်ရွက်ခြင်း၊ ဌာနတွင်း ဉာဏ်သစ်လောင်းသင်တန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့်ပြည်တွင်းမှ ပညာရှင်များနှင့်ပူးပေါင်း၍ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း စသည်တို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှလည်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း။
သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်မြင့်မားရေးနှင့် လွှမ်းခြုံမှုကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် ကုသရေးလုပ်ငန်းများအပြင် ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်း လာစေရေးအတွက် အထူးအရေးပါသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ကျောင်းသားလူငယ်များ၏ သွားနှင့်ခံတွင်းကျန်းမာရေးကို အဓိကထား၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မူကြိုကျောင်းများနှင့် နေ့ကလေးထိန်းကျောင်းများတွင် သက်ငယ်ကလေးသွားပိုးစားရောဂါ ကာကွယ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်မျာ းတွင် သွားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သက်ကြီးရွယ်အိုများအတွက် သွားနှင့် ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများစသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို တွဲဖက်ဆောင်ရွက် ကြရန်၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရရှိစေရေးအတွက် မကြာမီသင်တန်းပြီးဆုံးမည့် သွားနှင့်ခံတွင်းဆိုင်ရာ အလုပ်သင်ဆရာဝန်များအား လုပ်ငန်းခွင်အတွင်းသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ သွားဘက်ဆိုင်ရာသူနာပြုနှင့် သွားဘက်ဆိုင်ရာ အကူသူနာပြုများကိုလည်း မွေးထုတ်လျက်ရှိကြောင်း၊ ထို့ပြင် သွားတုကျွမ်းကျင် ဝန်ထမ်းများကို တိုးချဲ့မွေးထုတ်၍ အလုပ်ခန့်ထားပေးပြီး သွားတုလုပ်ငန်းသုံးပစ္စည်းများအား ဝယ်ယူဖြည့်ဆည်း ပေးလျက်ရှိကြောင်း။
သွားဘက်ဆိုင်ရာဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွေထွေရောဂါကုဆေးရုံများတွင် သွားဆေးခန်း များကို ဖွင့်လှစ်ထားရုံသာမက သွားရောဂါကုသီးသန့်ဆေးရုံများကို တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက သွားနှင့်ခံတွင်း ဆရာဝန်များ အနေဖြင့် စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်မည့် အခွင့်အလမ်းများ၊ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်ရေးနှင့် ရာထူးတာဝန်အဆင့်ဆင့် ပေးအပ်နိုင်မည့် အခွင့်အလမ်းများ၊ သွားနှင့်ခံတွင်းကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် လိုအပ်သည့် ဆေးပစ္စည်းနှင့်စက်ကိရိယာများကို စနစ်တကျ စာရင်းကောက်ယူ၍ တင်ပြနိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ညွှန်ကြားရေးမှူး (သွားကျန်းမာ) ဒေါက်တာ ခင်မောင်နှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများ၊ သွားနှင့်ခံတွင်း ဆရာဝန်များက လုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းလိုအပ်ချက်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိ ရသည်။
(သတင်းစဉ်)