နေပြည်တော် စက်တင်ဘာ ၁၂

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရေဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နေမှု ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာခန်းမရေဘေး ရှောင်စခန်း၊ သပြေတောင်ရေဘေးရှောင်စခန်းနှင့် ပုဗ္ဗသီရိမြို့နယ် မရှိခဏဘုရားတို့တွင် ကျန်းမာရေးဝန်ထမ်းများက ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ရေဘေးရှောင် စခန်းများတွင် ဆေးဝါးနှင့်ဆေး ပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရေး၊ (၂၄)နာရီအချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး၊ အစာမစားမီနှင့် အိမ်သာမှအထွက်တွင် စနစ်တကျလက်ဆေးနိုင်ရေး၊ သန့်စင်သည့် ရေကို သောက်သုံးနိုင်ရေး၊ ရေသန့်စင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အစားအစာများကို သန့်ရှင်း စွာနှင့်ပူပူနွေးနွေးစားသုံးနိုင်ရေး အမှိုက်များကို အဖုံးပါသည့်အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်နိုင်ရေး၊ ကူးစက်ရောဂါများ ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေးရေးနှင့် ဆေးရုံသို့လွှဲ ပြောင်းကုသရန်လိုအပ်သည့် လူနာများကို အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းကုသနိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်စဉ်များကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ နေပြည်တော် ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနအနေဖြင့် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များရှိ ရေဘေးရှောင်စခန်း (၃၅)ခုတွင် ဆရာဝန် (၂၁)ဦး၊ အခြေခံကျန်းမာရေးဝန်ထမ်း (၁၂၇)ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းပြီး နောက်တွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ရေတွင်းရေကန်များကို ရေဆိုးထုတ်ခြင်း၊ ကလိုရင်းဆေးခပ်ခြင်းနှင့် ခြင်ကျားလောက်လန်းများ နှိမ်နင်းရန်အတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊  နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်