နေပြည်တော် အောက်တိုဘာ ၂၃
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ဒေါက်တာစုစုဒွေး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ကြို့ကုန်း ကျေးရွာရှိ မုံရွာဆရာမိုး တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ကုန်ချောလည်ပတ် ထုတ်လုပ်နေမှု၊ ထုတ်ပိုးမှုနှင့် အရည်အသွေး ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ်ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများအနေဖြင့် မြန်မာ့တိုင်းရင်းဆေး ကျမ်းမှ ဆေးနည်းများကို ဖော်ထုတ်၍ ပြည်သူလူထုအကျိုးရှိစေမည့် တိုင်းရင်းဆေးဝါးများကို သိပ္ပံနည်းကျ သုတေသနများပြုလုပ်ကာ သုတေသနရလဒ်များအပေါ် မူတည်၍ ထုတ်လုပ်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်အောင် ကြိုးစားခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိနိုင်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ပြီး ကုန်ကြမ်းမှသည် ကုန်ချောအထိ အရည်အသွေးပိုင်းကို အမြဲကောင်းမွန်အောင် ထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများ စိုက်ပျိုးထုတ်လုပ်ရာတွင် တိုင်းရင်းဆေးပညာ ဦးစီးဌာနအောက်ရှိ ပရဆေးဥယျာဉ်များ၌ စိုက်ပျိုးထုတ်လုပ်နိုင်အောင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်သည့်သုတေသနနှင့် နည်းပညာပိုင်းဆိုင်ရာများကို ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်မှအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် ရင်းနှီးမှုများ အလွယ်တကူရရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လှည်းကူးမြို့နယ်၊ (ခုတင်-၅၀ဆံ့) ပြည်သူ့ ဆေးရုံသို့ရောက်ရှိပြီး လူနာများ အားကိုးအားထားသည့် ဆေးရုံဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ပြည်သူ့ကျန်းမာရေး စီမံချက်လုပ်ငန်းများကို ပြည်သူလူထု အကျိုးရှိစေရန် ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုသရေးလုပ်ငန်းများအပြင် သင်ကြားရေး လုပ်ငန်းများကိုပါ စနစ်တကျ ဖိဖိစီးစီးဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုးက ဝန်ကြီးဌာနက ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအတွင်းရှိ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် ခွဲစိတ်ခန်းနှင့် လူနာဆောင်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မှော်ဘီမြို့နယ် (ခုတင်-၅၀ဆံ့) ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး မြို့နယ်ကုသရေး ဦးစီးဌာနမှူး၊ ဒေါက်တာစောမြနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည့်ဆောင်ရွက်ပေးကာ ဆေးရုံအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်