နေပြည်တော်၊ ဇူလိုင် ၅
သူနာပြုအုပ်/ဦးစီးအရာရှိ(သူနာပြု)အဆင့်သို့ ရာထူးတိုးမြှင့်ခန့်ထားသည့် အမိန့် ကြော်ငြာစာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့၊ နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံး အမှတ်(၄) အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ယနေ့တွင် သူနာပြုကြီး ရာထူးများမှ သူနာပြုအုပ်/ ဦးစီးအရာရှိ (သူနာပြု)၊ တာဝန်ခံသူနာပြု အရာရှိ/ ဒုတိယသူနာပြုအုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်ထားရသူ (၁၅၀) ဦးကို ရာထူးတိုးမြှင့်ခန့်ထားသည့် အမိန့်ကြော်ငြာစာများ ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် သူနာပြုကြီး များမှ သူနာပြုအရာရှိများအဖြစ် ထိုက်ထိုက်တန်တန် ရာထူးတိုးမြှင့် ခံရသူအားလုံးကို ဂုဏ်ပြုကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍကို အထူးဦးစားပေး၍ ချီးမြှင့်ပေး လျက်ရှိရာတွင် ဝတ်စုံစရိတ်၊ စားစရိတ်၊ ညဂျူတီစရိတ်၊ ဘွဲ့လွန်ပညာရှင်ချီးမြှင့်ငွေ စသဖြင့် ချီးမြှင့်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သူနာပြုများကို အရာရှိများ ဖြစ်စေရန်စီစဉ်ရာတွင် ဦးစီးဌာနများအကြား တစ်ပြေးညီဖြစ်စေရေး အချိန်ယူ၍ အဘက်ဘက်မှ စနစ်တကျ စုစည်းဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း၊ တစ်နှစ်တာ စွမ်းဆောင်ရည် အကဲဖြတ်မှတ်တမ်းများအပေါ်ဆန်းစစ်၍ စုစုပေါင်း (၁၅၀)ကို သူနာပြု အရာရှိများအဖြစ် စနစ်တကျရာထူးတိုးမြှင့် ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ရာထူးတိုးမြှင့်ရန် ကျန်ရှိသည့် သူနာပြုကြီးများအတွက်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း။
ရာထူးတိုးမြှင့်ခံရသည့် သူနာပြုအုပ်၊ ဦးစီးအရာရှိ (သူနာပြု)၊ တာဝန်ခံ သူနာပြုအရာရှိ/ ဒုတိယ သူနာပြုအုပ်များသည် သက်ဆိုင်ရာဆေးရုံ/ဌာနများတွင် အုပ်ချုပ်စီမံမှုအပိုင်းသာမက လူနာပြုစုမှု လုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်ပါဝင်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီပြီး ဘေးကင်းလုံခြုံသော ကျန်းမာရေး စောင့်ရှောက်မှုများရရှိစေရန် ပိုမိုထိရောက်သော စီမံခန့်ခွဲမှု၊ ဦးဆောင်မှုပြုလုပ် ဆောင်ရွက်ကြ၍ ရလာဒ်ကောင်းများ မြင့်မားစွာရရှိစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြရန်နှင့် သူနာပြု အချင်းချင်း စည်းလုံးညီညွတ်၍ အခြားကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင် ရွက်ကြရန်၊ ခေါင်းဆောင်မှု အရည်အသွေး၊ စီမံခန့်ခွဲမှုအရည်အသွေး ပိုမိုတိုးတက်ကောင်း မွန်အောင် အမြဲကြိုးစားအားထုတ်ကြ၍ သူနာပြုစုမှု အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေးကို ပိုမိုမြင့်မားလာအောင် စွမ်းဆောင်ကြရန် အလေးအနက် မှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အစီအစဉ်အရ သူနာပြုအုပ်/ ဦးစီးအရာရှိ (သူနာပြု)၊ တာဝန်ခံသူနာပြု အရာရှိ/ ဒုတိယသူနာပြုအုပ်များအား ရာထူးတိုးမြှင့်ခန့်ထားသည့်အမိန့်ကြော်ငြာစာများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပေးအပ်ခဲ့ပြီး ရာထူးတိုးမြှင့်ခံရ သူများမှ လက်ခံရယူသည်။ ထို့နောက် ရာထူးတိုးမြှင့်ခံရသူများကိုယ်စား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ သူနာပြုအုပ် နော်သဇင်ကျော် က ကျေးဇူးတင်စကား ပြောကြားသည်။ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် သူနာပြုများကို ရာထူးတိုးမြှင့်ခန့်ထားရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ လုပ်သက်ရင့်သူနာပြုများကို စိစစ်ရွေးချယ်၍ တစ်နှစ်တာ လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်မှတ်တမ်းပေါ်မူတည်ကာ ရာထူးတိုးမြှင့်ပေး ခဲ့ခြင်းဖြစ်ပြီး ရာထူးတိုးမြှင့်ခံထားရသည့် သူနာပြုအရာရှိများကို နေပြည်တော် ကုသရေး ဦးစီးဌာန၌ ဇူလိုင် ၅ ရက်နှင့် ၆ ရက်များတွင် သူနာပြုစုမှုဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)