နေပြည်တော် ဩဂုတ် ၈
(၁၆) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၊ National Convention Center တွင် ကျင်းပရာ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် လာအိုနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ၊ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အာဆီယံကျန်းမာရေး ကဏ္ဍအလှည့်ကျဉက္ကဌ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E. Mr. Bounfeng Phoummalaysith နှင့် အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အာဆီယံဒေသတွင်း ဆေးလိပ်ငွေ့ ကင်းစင်စေရန်ရည်ရွယ်၍ အရှေ့တောင်အာရှ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးမိတ်ဖက်အဖွဲ့ (South East Asia Tobacco Control Alliance) နှင့် အာဆီယံ အတွင်းရေးမှူးအဖွဲ့ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အာဆီယံဆေးလိပ်ငွေ့ ကင်းစင်ဒေသဆု (ASEAN Smoke Free Award) ဆုပေးပွဲကိုကျင်းပရာ မြန်မာနိုင်ငံမှ ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ထားရှိသည့်အနက် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ ကင်းစင်ဒေသဆု (ASEAN Smoke Free Award) အတွက် ကြေးတံဆိပ်ဆုကို လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E. Mr. Bounfeng Phoummalaysithက ပေးအပ်ချီးမြှင့်ရာ မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (မကူးစက်) နှင့် ပုဂံညောင်ဦးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့က ဆုလက်ခံရယူကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံကျန်းမာရေး ဝန်ကြီးများသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ လာအိုနိုင်ငံဆိုင်ရာ သံတမန်များနှင့်အတူ (၅၇) နှစ်မြောက်အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် (၁၆) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို “ကပ်ရောဂါအလွန် ကျန်းမာရေးစောင့်ရှောက်မှုစွမ်းဆောင်ရည် မြှင့်တင်ခြင်းဖြင့် အားကောင်းခိုင်မာသော ကျန်းမာရေးစနစ်ဖြစ်ပေါ်ရေး” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးပြောကြားရာတွင် ယခုကျင်းပသည့် အစည်းအဝေးခေါင်းစဉ်သည် လက်ရှိကာလဖြစ်ပွားလျက်ရှိသော ကျန်းမာရေးပြဿနာ အခြေအနေများနှင့် သင့်လျော်ကိုက်ညီမှုရှိပါကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါသည် အာဆီယံဒေသတွင်းအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှု စနစ်များ၏ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊
နောင်လာမည့်ကာလများ၌ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ပြဿနာများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန်အတွက် ကျန်းမာရေးစနစ် ခိုင်ခံ့စေမည့်ပြင်ဆင်မှုများ ကြိုတင်ဆောင်ရွက်နိုင်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်မြှင့်တက်လာမှုကို စီမံခန့်ခွဲရန်နှင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ရေးဆောင်ရွက်ခြင်း၊ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိသည့် ကျန်းမာရေးအခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရောဂါရှာဖွေမှုများအတွက် ဓာတ်ခွဲခန်းများကို တိုးမြှင့်ခြင်း၊ မရှိမဖြစ်လိုအပ်သော ဆေးဝါးများနှင့် ကာကွယ်ဆေးများကို အချိန်နှင့်တစ်ပြေးညီရရှိနိုင်ရန် ဆောင်ရွက်ခြင်းတို့ကို အထူးအလေးပေး လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ ဒေသအတွင်း ကျန်းမာသော လူနေမှုပုံစံများ မြှင့်တင်ရေးနှင့် မကူးစက်နိုင်သောရောဂါများကို ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ကူးစက်ရောဂါများသည် နယ်မြေကန့်သတ်ချက်မရှိပါသဖြင့် အာဆီယံဒေသတွင်း အတူတကွ ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အသိပညာမျှဝေမှု၊ ကောင်းမွန်သော အတွေ့အကြုံများဖလှယ်ခြင်း၊ ပူးတွဲသုတေသန ဆောင်ရွက်မှုများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များကို လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသတွင်းရှိ ပြည်သူလူထုအားလုံးအတွက် ပိုမိုကျန်းမာ၍ ပိုမိုကောင်းမွန်သော အနာဂတ်ရရှိစေရေး ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် (၁၆) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာစာတမ်းအား အတည်ပြုထုတ်ပြန်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အနောက်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အာဆီယံအတွင်းရေးမှုးချုပ်ရုံးမှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


