နေပြည်တော်၊ ဒီဇင်ဘာ ၃

 

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းဆေးညီလာခံကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပေကျင်းမြို့ China National Convention Center တွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျန်းမာရေးကော်မရှင်၊ ကျန်းမာရေး ဝန်ကြီး၊ အခြားဖိတ်ကြားထားသည့် နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ကျန်းမာရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ အဆင့်မြင့်ကိုယ်စားလှယ်များ၊  အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ တက်ရောက်ကြသည်။   

 

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင်ကပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုးသား တိုင်းရင်းဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကော်မရှင်အကြီးအကဲ ပါမောက္ခ Yu Yanhong မှကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။ 

 

 ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနောက် ပစိဖိတ်ဒေဆိုင်ရာ ညွှန်ကြားရေးမှူးက အဖွင့်အမှာ စကားပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်က Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ကျန်းမာရေး ကော်မရှင်၊ ကျန်းမာရေးဝန်ကြီး H.E. Mr. Lei Haichoက အဖွင့်မိန့်ခွန်းပြောကြား၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Guozhong Liu က အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲအခမ်းအနားပြီးနောက် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ တက်ရောက်လာကြ သောနိုင်ငံအများမှ ကျန်းမာရေးဝန်ကြီးများ၏ မျက်နှာစုံညီဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးရာတွင် နိုင်ငံ့ကျန်းမာရေးစနစ်တွင် တိုင်းရင်းဆေးဝါးများ၏ အရေးပါမှု၊ ခေတ်မှီအနောက်တိုင်းဆေးဝါးများနှင့် တိုင်းရင်းဆေးဝါးများ ပူးပေါင်း၍ အကျိုးရှိစွာ အသုံးချနိုင်မှုအခြေအနေများ၊ တိုင်းရင်းဆေးဝါးများနှင့် ပတ်သက်၍ သုတေသနများ ပိုမိုဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အများလက်ခံလာနိုင်မှု အခြေအနေများ၊တိုင်းရင်းဆေးဝါးများထုတ်လုပ်ရာတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အရေးပါမှုများ၊ တိုင်းရင်းဆေးဝါးနှင့်ပတ်သက်သည့် မူပိုင်ခွင့်ကိစ္စရပ်များ၊ ယုံကြည်စိတ်ချရ၍ အရည် အသွေးမြင့်မားသော တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရာတွင် ဆောင်ရွက်သင့် သည်များ၊ အနာဂါတ် တွင် ဒေသတွင်း နိုင်ငံများအကြား အရည်အသွေးမြင့်မားသော တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရန် အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သင့်သည်များနှင့် ပတ်သက်၍လည်း ကောင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းဆေးပညာကဏ္ဍတွင် အာဆီယံနိုင်ငံများ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ မြန်မာ နိုင်ငံတွင် တိုင်းရင်းဆေးညီလာခံကို နှစ်စဉ်ကျင်းပလျက်ရှိပြီး နိုင်ငံတကာမှ တိုင်းရင်းဆေးပညာရှင် များလာရောက်၍ ပညာရပ်ပိုင်းဆိုင်ရာ  ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ တက်ရောက် ဆွေးနွေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)