နေပြည်တော် ဇူလိုင် ၁၀

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဘင်္ဂလား ဒေရှ့်နိုင်ငံ ဒါကာမြို့ တွင် ဇူလိုင် ၁၁ ရက်မှ ၁၂ရက်အထိ ကျင်းပမည့် ပြည်သူ့ကျန်းမာရေးနှင့် သံခင်းတမန်ခင်း (Public Health and Diplomacy) နိုင်ငံတကာဆွေးနွေးပွဲသို့တက်ရောက်ရန် ယနေ့ နံနက်ပိုင်းက  လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာ သွားသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ သံရုံးယာယီ တာဝန် ခံ Mr. A S M Sayem နှင့် တာဝန်ရှိသူများ၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁)ရန်ကုန်၊ ပါမောက္ခချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ဆွေးနွေးပွဲသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ၊ အိန္ဒိယ၊ ဘူတန်၊ ထိုင်း၊ မော်လ်ဒိုက်နှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးပညာရှင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။                         

(သတင်းစဉ်)