နေပြည်တော်၊ စက်တင်ဘာ ၄

 

စက်တင်ဘာ ၂၇ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ကျပန်းစကား ပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများ၊ ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ တက်ရောက်ကြပြီး နယ်ရုံးခွဲများမှ ဝန်ထမ်းများက အွန်လိုင်းမှတက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ဦးစီး၍ နှစ်စဉ် အဖွဲ့ဝင် တစ်နိုင်ငံတွင် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပလေ့ရှိပြီး ယခုနှစ်အတွက် ဆော်ဒီအာရေဗျနိုင်ငံ၊ ရီရတ်ဒ်မြို့က အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ် ပါကြောင်း၊ အလားတူ မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၂ ခုနှစ်မှစတင်၍ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလာခဲ့ရာ ယခုနှစ်အပါအဝင် (၁၂)ကြိမ် ရှိပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် နှစ်အလိုက် ဆောင်ပုဒ်များကို သတ်မှတ်ပေး လေ့ရှိရာ ယခုနှစ်အတွက် Tourism & Green Investments (ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး) ဆောင်ပုဒ်ကို သတ်မှတ်ပေးထားပြီး လူသား များအတွက်၊ ကမ္ဘာမြေအတွက်၊ ကြွယ်ဝချမ်းသာရေးအတွက် ဦးတည်သော ပိုမိုကောင်းမွန်သည့် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ကြရန် တိုက်တွန်းထားပါကြောင်း၊ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုး တက်ရန်အတွက် သမရိုးကျ နည်းလမ်းများမှ ခွဲထွက် တွေးအခေါ် အသစ်၊ နည်းလမ်းအသစ်များဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်စတင်ကြရန် လိုအပ်ပါကြောင်း။         

 

၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲများကို စီစဉ်ကျင်းပလျက်ရှိပါကြောင်း၊ ယနေ့ ပြိုင်ပွဲခေါင်းစဉ်များကို လည်း လက်ရှိခရီးသွားလုပ်ငန်းကဏ္ဍကို ထင်ဟပ်စေသော ခေါင်းစဉ်များကိုသာ ရွေးချယ်ထားပါကြောင်း၊ ယနေ့ပြိုင်ပွဲသို့ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်(ရန်ကုန်)တို့မှ ကျောင်းသား/ သူများနှင့် ဝန်ကြီးဌာနမှဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဟု သိရှိရပါကြောင်း၊ ပြိုင်ပွဲဝင် များ၏ ပြောဆိုပြိုင်ဆိုင်မှုများသည် ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသော အကြံပြုချက်များဖြစ်သည့်အတွက် ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ကျရာ ခေါင်းစဉ်များကို အားသွန်ခွန်စိုက် ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရေးကော်မတီဉက္ကဋ္ဌက ပြိုင်ပွဲနှင့် ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များ၊ အမှတ်ပေးအစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်များက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး၊ ခရီးသွားလုပ်ငန်းနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းနှင့် အနာဂတ်ဒစ်ဂျစ်တယ် နည်းပညာများ ဖွံ့ဖြိုးလာမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခရီးသွားလုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော တာဝန်သိခရီးသွားလုပ်ငန်း စသည့်ခေါင်းစဉ် (၅) ခုဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြိုင်ပွဲဝင်ခဲ့မှုများအပေါ် သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)