ကမ္ဘာ့နိုင်ငံပေါင်း ၁၅၉ နိုင်ငံဖြင့် ပါဝင်ဖွဲ့စည်းထားသော ကုလသမဂ္ဂ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် နှစ်စဉ် စက်တင်ဘာ ၂၇ ရက်ကို “ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့”အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင် နိုင်ငံများက ယင်းနေ့တွင် အခမ်းအနားများကျင်းပလေ့ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင် နိုင်ငံတစ် နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို စက်တင်ဘာ ၂၇ ရက်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ ၎င်းနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် များ၊ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများနှင့် အုပ်ထိန်းသူ ဆရာ/ ဆရာမများ တက်ရောက်ကြပြီး နယ်ရုံးခွဲများမှ အရာထမ်း/ အမှုထမ်းများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ယခုနှစ် အတွက် Georgia နိုင်ငံက အိမ်ရှင် Host Country အဖြစ် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ အလားတူ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်မှစ တင်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလာခဲ့ရာ ယခုနှစ်အပါအဝင် (၁၃) ကြိမ်ရှိပြီဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် နှစ်အလိုက် ဆောင်ပုဒ် များကို သတ်မှတ်ပေးလေ့ရှိပြီး ယခုနှစ် အတွက် ဆောင်ပုဒ်မှာ Tourism and Peace ဖြစ်ရာဝန်ကြီးဌာနအနေဖြင့် “ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ် ဖော်ဆောင်ပေး” ဟု အဓိပ္ပာယ်ဖွင့်ဆို၍ ဆောင်ပုဒ်အား သတ်မှတ်ထားပါကြောင်း။
၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြော ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများနှင့် ဓါတ်ပုံပြပွဲ၊ ခရီးသွားမြှင့်တင်ရေး Short Video Clip ပြိုင်ပွဲတို့ကို စီစဉ်ကျင်းပမည်ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲခေါင်းစဉ်များ ကိုလည်း လက်ရှိခရီးသွားလုပ်ငန်းကဏ္ဍကို ထင်ဟပ်စေသော ခေါင်းစဉ်များကို ရွေးချယ် ထားပြီး ယနေ့ပြိုင်ပွဲသို့ မန္တလာတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်(ရန်ကုန်)တို့မှ ကျောင်းသား/ သူများနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ကျရာ ခေါင်းစဉ်များကို အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဌက ပြိုင်ပွဲနှင့်ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များ၊ အမှတ်ပေးအစီအစဉ်များအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်များက ငြိမ်းချမ်းရေးအတွက် ခရီးသွားလုပ်ငန်း၏ အခန်းကဏ္ဍ၊ ယဉ်ကျေးမှုဖလှယ်ရေး သို့မဟုတ် ခရီးသွား ခြင်းဖြင့် ငြိမ်းချမ်းရေးကို မြှင့်တင်ခြင်း၊ အားလုံးပါဝင်သော ခရီးသွားလုပ်ငန်း၊ ငြိမ်းချမ်းရေးပေါင်းကူး သို့မဟုတ် ခရီးသွားခြင်းဖြင့် နားလည်မှုနှင့် ညီညွတ်မျှတမှုများကို တည်ဆောက်ခြင်း၊ ကမ္ဘာ့ငြိမ်းချမ်း ရေးကို အထောက်အကူပြုနေသည့် ခရီးသွားလုပ်ငန်း စသည့် ခေါင်းစဉ် (၅) ခုကို မဲနှိုက်ရွေးချယ်၍ ကျရာ ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြား ခဲ့ပါကြောင်း သိရသည်။
(သတင်းစဉ်)


