နေပြည်တော် နိုဝင်ဘာ ၂၇
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်း ဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည့် စီအယ်လ်အမ်ဗွီ (CLMV) နှင့် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးများကို (၂)နှစ်လျှင်(၁)ကြိမ် အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ (၆) ကြိမ်မြောက် အက်ခ်မက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးတို့ကို နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက် ထိ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် In Person စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းအဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်မြှင့်တင်၍ အားလုံးဝိုင်းဝန်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိတို့အဖွဲ့ဝင် နိုင်ငံများရှိအစိုးရ၊ ပုဂ္ဂလိက ကဏ္ဍများအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် နိုင်မှသာ စီအယ်လ်အမ်ဗွီ (CLMV) နှင့် အက်ခ်မက် (ACMECS) ဒေသတွင်း ခရီးသွား လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ခေတ်ကာလနှင့် လိုက်လျောညီထွေရှိသော နည်းပညာရပ်များကို အသုံးပြုပြီး ဒေသတွင်းခရီးသွားလုပ်ငန်းအဆင့်မှ ကမ္ဘာ့အဆင့်သို့ ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ ဖြစ်ပေါ်ပြောင်းလဲလာမှုများနှင့် ဒေသတွင်းသို့ ခရီးသွားများ ပိုမိုလာရောက်စေရေးအတွက် ဗီဇာဖြေလျှော့မှု အစီအစဉ်များ၊ ချိတ်ဆက်သွားလာနိုင်ရေး အစီအစဉ်များ၊ ညီအစ်မမြို့တော်ကဲ့သို့ မိတ်ဖက် ဆောင်ရွက်မှုအစီအစဉ်နှင့် လေးနိုင်ငံခရီးစဉ်တစ်ခု၊ ငါးနိုင်ငံခရီးစဉ်ဒေသတစ်ခု စသည့် အစီအစဉ်များကို တိုးချဲ့အကောင်အထည်ဖော်ခြင်းဖြင့် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အစည်းအဝေးသို့ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွားလုပ်ငန်း အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စီအယ်လ်အမ်ဗွီဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၅ အရ အဖွဲ့ဝင်နိုင်ငံအလိုက် ဒေသတွင်းခရီးသွား လုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စ ရပ်များကို ဆွေးနွေးညှိနှိုင်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အင်းယားလိတ်ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Center ၌ ကျင်းပလျက်ရှိသော မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၂၄ သို့ သွားရောက်ကာ မြန်မာနိုင်ငံမှခင်းကျင်းပြသထားသောပြခန်များ၊ ဗီယက်နမ် နိုင်ငံမှ ခင်းကျင်း ပြသထားသောပြခန်းများ၊ MSME ပြခန်းများ၊ အဝတ်အထည်နှင့် အစားအစာပြခန်းများ၊ လျှပ်စစ်အိမ်သုံးပစ္စည်းပြခန်းများ၊ လေကြောင်းလိုင်းပြခန်းများ၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည် ကြည့်ရှုသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ခရီးသွား လုပ်ငန်းဝန်ကြီးများအစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ (၆)ကြိမ်မြောက် အက်ခ်မက် ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများသို့ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို မြန်မာနိုင်ငံမှ ကြိုဆိုဧည့်ခံသည့် ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


