နေပြည်တော်၊ ဒီဇင်ဘာ ၂၃
အာဆီယံ-ဂျပန်ဗဟိုဌာန၏ National Activity Project အဖြစ် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းနှင့် ဂျပန်ဟင်းလျာ ချက်ပြုတ်နည်းသင်တန်းတို့ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ “ဂျပန်ဟင်းလျာ ချက်ပြုတ်နည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/သူများက in person စနစ်ဖြင့် တက်ရောက်ကြပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးစိုးဟန်၊ အာဆီယံ-ဂျပန်ဗဟိုဌာနမှ Mr. Chairat, Director of Programme Operations နှင့် တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂျပန်ခရီးသွား ဧည့်သည်များအတွက် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်နှင့် မြန်မာနိုင်ငံမှ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ဂျပန်အစားအစာ ချက်ပြုတ်ပြင်ဆင် ရောင်းချလိုသူများအတွက် အကျိုးရှိစေရန်ရည်ရွယ်၍ ယနေ့သင်တန်းကို ဖွင့်လှစ်ပို့ချခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ဂျပန်ဟင်းလျာပြင်ဆင်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို စာတွေ့/လက်တွေ့ ကြိုးစားသင်ယူ လေ့လာကြရန်နှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၏ ဝန်ဆောင်မှုအရည်အသွေးများ မြှင့်တင်ကြရန် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးစိုးဟန်နှင့် အာဆီယံ-ဂျပန်ဗဟိုဌာနမှ Programme Operations ဒါရိုက်တာ Mr Chairat တို့က အွန်လိုင်းမှတစ်ဆင့် အမှာစကားများ ပြောကြားကြပြီး သင်တန်းသားများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုသည်။ အဆိုပါသင်တန်းကို ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


