နေပြည်တော် သြဂုတ် ၁၇
အာဆီယံ - တရုတ်စင်တာနှင့် ရှန်းရှီးပြည်နယ်အစိုးရတို့ ပူးပေါင်းကျင်းပသည့် အာဆီယံ -တရုတ်ရက်သတ္တပတ် - ၂၀၂၄ နှင့်ဆက်စပ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းရှီးပြည်နယ် အတွင်းရှိ ထင်ရှားသောခရီးစဉ်ဒေသများနှင့် စီးပွားရေးလုပ်ငန်းများ လေ့လာရေးခရီးစဉ်ကို သြဂုတ် ၁၃ ရက်မှ ၁၅ ရက်အထိ ဆက်လက်ပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
သြဂုတ် ၁၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ ချန်းကျီးမြို့နယ်တွင် ၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် တုန်းတိအန်းရှာ (Tongtianxia) သဘာဝအလှရှု့ခင်းနေရာသို့ သွားရောက်၍ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအတွက် တောင်ခြေမြစ်ကမ်းဘေး လမ်းလျှောက်ခြင်း၊ ရေတံခွန်နှင့် မြစ်အတွင်းလှေစီးခြင်း၊ ကေဘယ်ကားဖြင့် တောင်တက်ခြင်း၊ မှန်လျှောက်လမ်းဖြင့် တောင်ခါးပန်းအတိုင်းလမ်းလျှောက်ခြင်းနှင့် တုန်းတိအန်းရှာတောင်တန်း ပတ်ဝန်းကျင် သဘာဝအလှအပများကို ကြည့်ရှု့ခံစားနိုင်သည့် View Point နေရာများ ဖန်တီးပြုလုပ်ထားမှုအခြေအနေများကို လေ့လာကြည့်ရှုခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကောင်းကဲဟွာယဲ့အုပ်စု (Gaoke Huaye Group) စက်ရုံမှ LED များ အလိုအလျှောက်စနစ်ဖြင့် ပုံစံဒီဇိုင်းမျိုးစုံ ထုတ်လုပ်နေမှုများကို လည်းကောင်း၊ ချိန်ကုန်းကားထုတ်လုပ်သည့် စက်ရုံ (Chenggong Automobile) မှ Victory အမှတ်တံဆိပ်ဖြင့် မော်တော်ကားများ ထုတ်လုပ်နေမှုအခြေအနေများကိုလည်းကောင်း၊ ညနေပိုင်းတွင် ချန်းကျီးအမျိုးသားစိမ့်စမ်းမြေဥယျာဉ်တွင် ဧည့်သည်များအတွက် စိတ်ဝင်စားဖွယ်များ စီစဉ်ထားရှိမှုအခြေအနေများကို လည်းကောင်း လေ့လာကြည့်ရှုခဲ့သည်။
သြဂုတ် ၁၄ ရက်တွင် ချန်းကျီးမြို့မှ ပြန်လည်ထွက်ခွာခဲ့ပြီး ရှန်းရှီးပြည်နယ်၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသတစ်ခုဖြစ်သော ဖျင်ယောင် (Pingyao) ရှေးဟောင်းမြို့ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်နေမှု၊ မြို့ရိုးတစ်လျှောက်နှင့် ရှေးဟောင်းမြို့အတွင်း လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအတွက် သက်ဝင်လှုပ်ရှားမှုရှိသည့် ယဉ်ကျေးမှုများ (living cultures) ဖြင့် ကမ္ဘာ့အမွေအနှစ်တစ်ခုအား ခရီးသွားလုပ်ငန်းအတွက် အဓိကအရင်း အမြစ်အဖြစ် ပြန်လည်အသုံးချနေမှု၊ တရုတ်နိုင်ငံတွင် ထူးချွန်ထက်မြက်သူများအား ကွန်ဖြူးရှပ်ဘုရားကျောင်းတွင် ရွေးချယ်လေ့ကျင့်သင်ကြားပေးခဲ့မှုများနှင့် ကွန်ဖြူးရှပ် ဘုရားကျောင်းသို့ ခရီးသွားဧည့်သည်များ လာရောက်ကြည့်ရှုရန် စီစဉ်ဆောင်ရွက်ထားမှု၊ ၁၉ရာစုနှင့် ၂၀ရာစုအစောပိုင်းတွင် တရုတ်နိုင်ငံ၏ဘဏ်နှင့် ငွေကြေးကဏ္ဍ၌ ဖျင်ယောင်းရှေးဟောင်းမြို့မှ ဘဏ်လုပ်ငန်းကို စတင်ကျင့်သုံးဆောင်ရွက်ခဲ့မှု၊ ဖျင်ယောင်းရှေးဟောင်းမြို့၏ ထင်ရှားသော လက်မှုအနုပညာဖြစ်သည့် ယွန်းထည်ပစ္စည်းများထုတ် လုပ်မှုအဆင့်ဆင့်နှင့် ယွန်းထည်ပြတိုက်နှင့် ခင်းကျင်းပြသရောင်းချနေမှုများကို လေ့လာခဲ့သည်။
ညနေပိုင်းတွင် ရှန်းရှီးပြည်နယ်၏ သမိုင်းနှင့် ယဉ်ကျေးမှုကို ပိုမိုနားလည်သဘောပေါက်စေနိုင်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရည်ရွယ်ပြသသည့် ယဉ်ကျေးမှုကပြ ဖျော်ဖြေပွဲသို့ ပါဝင်ကြည့်ရှုခဲ့သည်။
သြဂုတ် ၁၅ ရက်တွင် ဖျင်ယောင်းမြို့မှ ထိုက်ရွမ်မြို့သို့ ထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံ၏ ကုန်သွယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ချောင် (Qiao) မိသားစုမှ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့မှုများ၊ ချောင် မိသားစုများ၏ လူနေမှုစနစ်နှင့် နေအိမ်များသို့ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ လာရောက်လေ့လာလည်ပတ်မှု အခြေအနေများကိုလည်းကောင်း၊ ဟုန်းဟိုင် (Honghai) ဖန်လုပ်ငန်းမှ မိရိုးဖလာနည်းစနစ်မှ ခေတ်မီဆန်းသစ်သောနည်းစနစ်များဖြင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးအား ခေတ်မီလှပစွာ ထုတ်လုပ်နေမှုအဆင့်အဆင့်၊ ဖန်ပစ္စည်းပြခန်းဖွင့်လှစ်ပြသမှုနှင့် ရောင်းချနေမှုများကို လည်းကောင်း၊ အစားအသောက်ဆိုင်ရာခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ သုန်းဟူဗနီဂါဥယျာဉ် (Donghu Venegar Park) မှ ထိုက်ရွမ်ဒေသထွက် ကောက်ပဲသီးနှံများဖြင့် ကျန်းမာရေးအတွက် အထူးသင့်လျော်သော ဗနီဂါထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် အစားအသောက် ချက်ပြုတ်ခြင်းများကို လေ့လာကြည့်ရှုခဲ့သည်။
သြဂုတ် ၁၆ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုက်ရွမ်မြို့မှရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


