နေပြည်တော် ဖေဖော်ဝါရီ ၂၄
    
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်းNSPAW Phase II ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Aureum Palace Hotel, Lake View Hall ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း Phase II ရေးဆွဲရေး ဦးဆောင်ကော်မတီ ဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ  ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဉက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဉက္ကဋ္ဌ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း Phase II ရေးဆွဲရေး လုပ်ငန်း ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  
    
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW)(၂၀၁၃-၂၀၂၂)(Phase I)ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့် ရေးဆွဲအကောင်အထည် ဖော်ခဲ့ပါကြောင်း၊ အဆိုပါမဟာ ဗျူဟာစီမံကိန်းအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စီမံကိန်း ကာလပြီးဆုံးခဲ့ပြီဖြစ်ကာ စီမံကိန်း၏ အားသာချက်၊ အားနည်းချက်များအပေါ် လေ့လာ သုံးသပ်ထားပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(Phase II )ကို ဆက်လက်ရေးဆွဲနိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း၊ အမျိုးသမီး များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များသည်  cross-cutting issue ဖြစ်သည့်အတွက် မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရာတွင် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များအလိုက် ဆက်စပ်ဝန်ကြီးဌာနများ၏ လုပ်ငန်းစီမံကိန်း များနှင့် ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တိုက်တွန်းပြောကြားသည်။
    
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း Phase II ရေးဆွဲရေးနှင့်စပ်လျဉ်း၍ လုပ်ငန်း အစီအစဉ်များ ရှင်းလင်းတင်ပြသည်။
    
ယင်းနောက် တက်ရောက်လာကြသော ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်း ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)