နေပြည်တော်၊ ဒီဇင်ဘာ ၅
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သက်မွေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Max Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တို့မှ အရာရှိကြီးများ၊ Nay Pyi Taw State Academy (NSA)၊ မန္တလာတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်နှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းဆိုင်ရာသက်မွေးပညာရပ်ကို ဒီပလိုမာအဆင့်၊ ဘွဲ့ဒီဂရီအဆင့်ထိပေးအပ်နိုင်ရန် ရည်ရွယ်ထားရှိပါကြောင်း၊ လက်တွေ့လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နေသူများနှင့် တက္ကသိုလ်အဆင့်ဘွဲ့ဒီဂရီကို ရယူလိုသူ များကို သက်မွေးပညာကဏ္ဍမှ ပေါင်းကူးဆက်သွယ်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် အသက်မွေးဝမ်းကျောင်းပညာရပ်ကို စနစ်တကျ မြှင့်တင်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း၌ ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်ခြင်း၊ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးပွားလာနိုင်ခြင်းနှင့် အလုပ်လက်မဲ့ဖြစ်မှုကို လျှော့ချနိုင်ကာ တိုင်းပြည်၏ ကုန်ထုတ်စွမ်းအား၊ စီးပွားရေးနှင့် နိုင်ငံ့ဝင်ငွေမြှင့်တင်ခြင်းတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။
ဧည့်ဝန်ဆောင်မှုနှင့်ခရီးသွားပညာကဲ့သို့ သက်မွေးပညာကျောင်းတစ်ခုကို တည်ထောင်ဖွင့်လှစ်ခြင်းအားဖြင့် ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသိအမှတ်ပြုမှုအစီအစဉ် (Accreditation Program) ကို အထောက်အပံ့ဖြစ်စေပြီး ဝန်ကြီးဌာန၏ အသိအမှတ်ပြုဒီပလိုမာ၊ ဘွဲ့ဒီဂရီများကို ရယူနိုင်မည်ဖြစ်ကာ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ် (MRA-TP) အတွက် အဆင်သင့်ဖြစ်နေမည် ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် မုံရွာစီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်ထူးက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေအနေ၊ ခရီးသွားလုပ်ငန်း၏ အရေးပါမှုနှင့်အခွင့်အလမ်း၊ ဟိုတယ်နှင့် ခရီသွားလုပ်ငန်းဆိုင်ရာ သက်မွေးပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်းတည်ထောင်ရေးနှင့် စပ်လျဉ်းသော လိုအပ်ချက်များ၊ အဖွဲ့အလိုက်ဆွေးနွေးမည့် ခေါင်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဆွေးနွေးပွဲအစီအစဉ်များအရ အဖွဲ့ (၅) ဖွဲ့ခွဲ၍ သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အဖွဲ့လိုက်ဆွေးနွေးခြင်း၊ စကားဝိုင်းဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အလုပ်ရုံဆွေးနွေးပွဲရလဒ်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အလုပ်ရုံဆွေးနွေးပွဲရလဒ်များနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်